Thursday, June 23, 2016

ပအိုဝ်းတစ်မျိုးသားလုံး၏ အနာဂတ်အတွက် ဘယ်လိုပြင်ဆင်ထားပြီလဲ

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ ဇွန်လ (၂၄) ရက်




ပအိုဝ်းလူမျိုးများသည် ရှေးယခင်ကတည်းက ကိုယ့်ထီးကိုယ့်နန်းနှင့် ကိုယ်ပိုင်လွတ်လပ်ခွင့်များဖြင့် နေထိုင်လာခဲ့ကြသူများဖြစ်သည်။ ပအိုဝ်းလူမျိုးအများစုမှာ ရိုးသားပြီးအနေအေးသူများဖြစ်သည်။ ပဋိပက္ခများနှင့် ကင်းရှင်းလိုသူများဖြစ်သည်။ သူရိယစန္ဒာမင်းလက်ထက်တွင်  ပအိုဝ်းလူမျိုး၏ ဂုဏ်ရောင်များသည် နေမင်းကြီးပမာ ထွန်းလင်းတောက်ပနေခဲ့ကြသည်။ သူရိယစန္ဒာမင်းကြီး၏ ခေတ်အလွန် ပအိုဝ်းလူမျိုးများ၏ နောက်ဆုံးမင်းဆက်ဟုဆိုရမည်ဖြစ်သော မနုဟာမင်းလက်ထက်တွင် ပအိုဝ်းတစ်မျိုးသားလုံး၏ အနာဂတ်သည် အမှောင်ကျခဲ့ရသည်။ အုပ်ချုပ်သူဘုရင်မင်းကြီး၏ စီမံခန့်ခွဲမှုအားနည်းမှုများကြောင့် တိုင်းပြည်၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စသောကဏ္ဍပေါင်းစုံတွင် အားနည်းခဲ့ရပြီး တိုင်းပြည်ကြီးသည်လည်း အဘက်ဘက်မှ ချွတ်ခြုံကျခဲ့ရပြီး နောက်ဆုံးတွင် တိုင်းပြည်လည်း သူတပါးလက်အောက်ရောက်ခဲ့ရသည်။ ပအိုဝ်းပြည်သူများသည်လည်း မိခင်ပျောက်သည့် သားငယ်လေးပမာ ဝမ်းနည်းပူဆွေးနေပြီး ခိုကိုးရာမဲ့ဖြစ် နေခဲ့ရသည်။
ပအိုဝ်းလူမျိုးများသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံရှိ တခြားတိုင်းရင်းသားလူမျိုးများနည်းတူ မွန်ဂိုလွိုက်မျိုးနွယ်မှ ဆင်းသက်လာသူများဖြစ်ပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတွင် ရှေးယခင်ကတည်းက တခြားညီနောင်တိုင်းရင်းသားများနည်းအတူ အေးအတူ၊ ပူအမျှ ပူးပေါင်းနေထိုင်သော လူမျိုးဖြစ်သည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်တွင် တိုင်းရင်းသားလူမျိုးပေါင်း (၁၃၅) မျိုးအနက် လူဦးရေအရ ပအိုဝ်းလူမျိုးသည် အဆင့်(၅) သို့မဟုတ် အဆင့်(၆) တွင် တည်ရှိနေသည်ဟု သန်ခေါင်စာရင်းလူဦးရေ စစ်တမ်းကောက်ယူမှုအရ သိရသည်။ ပအိုဝ်းလူမျိုးသည် ကိုယ်ပိုင်စာပေ၊ ဘာသာစကား၊ ကိုယ်ပိုင်ယဉ် ကျေးမှု၊ ရိုးရာထုံးတမ်းဓလေ့များဖြင့် ခေတ်အဆက်ဆက်ကတည်းက မိမိတို့၏ ယဉ်ကျေးမှုရိုးရာထုံးတမ်း ဓလေ့များကို အစဉ်ထိန်းသိမ်းစောက်ရှောက်နေထိုင်လာခဲ့ကြသူများဖြစ်သည်။
ပအိုဝ်းလူမျိုးများသည် မနုဟာမင်းကြီး၏ ခေတ်အလွန် သထုံပြည်ကြီးပျက်သုဉ်းပြီးနောက် စည်းလုံးညီညွတ်မှုလည်း ပျက်ပြားခဲ့ရပြီုး တကွဲတပြားစီဖြစ်ခဲ့ရသည်။ နေရပ်ကိုမစွန့်ခွာလို၍ သထုံတွင် ဇာတ်မြုပ်နေ ထိုင်ခဲ့သူများ ရှိသလို၊ ရေကြည်ရာမြက်နုရာသို့ နေရပ်ကိုစွန့်ခွာပြီး ပြောင်းရွေ့ရာတွင် တချို့သည် အထက် အညာဘက်သို့ရောက်ရှိသွားပြီး၊ အချိုမှာ ရှမ်းကုန်းမြေမြင့်ဘက်သို့ ပြောင်းရွေ့သွားကြသည်။ သထုံမှ တက်လာသောပအိုဝ်းများသည် ရှမ်းကုန်းမြေမြင့်တွင် ရှိနှင့်နေပြီးသော ကွန်လုံပအိုဝ်းများနှင့် ပူးပေါင်းမိသွားကြသည်ဟု သမိုင်းမှတ်တမ်းများအရ သိခဲ့ရသည်။ စစ်ပွဲများကိုရွံမုန်းပြီး စစ်ပွဲမလိုလားသော ပအိုဝ်းလူထုများသည် အေးအေးချမ်းချမ်းနေထိုင်လိုသောကြောင့် လူသူအရောက်ပေါက်နည်းသော တောင်တန်း၊ တောင်ကုန်းများပေါ်တွင် ရွာတည်ပြီးနေထိုင်ခဲ့ကြသည်။ ယခုလက်ရှိအချိန်ထိ ထိုတောင်တန်း၊ တောင်ကုန်းများပေါ် တွင် ပအိုဝ်းရွာများတည်ရှိနေဆဲပင်ဖြစ်သည်။  ပအိုဝ်းလူမျိုးများသည် ဘာသာတရားကိုင်းရှိုင်းသူများလည်း ဖြစ်သည်။  “သာသနာအစ သထုံက”ဟု ဆိုသည့်အတိုင်း ဗုဒ္ဓဘာသာကို အထူးသက်ဝင်ယုံကြည်သူများ လည်းဖြစ်သည်။ သို့သော် ပအိုဝ်းလူမျိုးများသည် အေးချမ်းစွာလုပ်ကိုင်စားသောက်လိုသော်လည်း “ကံဆိုးမ သွားလေရာ မိုးလိုက်လို့ရွာ”ဟု ဆိုသည့်အတိုင်း အေးချမ်းစွာမနေခဲ့ရဘဲ ပဒေသရာဇ်များ၏ နှိပ်စက်မှုဒဏ်ကို ထပ်မံကြုံခဲ့ရပြန်ပါသည်။ ပအိုဝ်းလူမျိုးများသည် တောင်ပေါ်ဒေသများတွင်နေထိုင်ပြီး ရိုးသားမှုကို အရင်းခံကာ အလုပ်ကြိုးစားသောလူမျိုးဖြစ်ပြီး အလွန်ပင်သည်းခံနိုင်သူများဖြစ်သည်။ ယခုချိန်ထိ “နေပါစေ”(တယဝ်းဝေ) ဆိုသည့်စကားသည် သက်သေသာဓတစ်ခုပင်ဖြစ်သည်။ ထိုသည်းခံနိုင်မှုကို အခွင့်ကောင်းယူကာ ပဒေသရာဇ်များက နိုင်ထက်စီးနင်းမှုများပြုလုပ်လာခဲ့ကြသည်။ ပဒေသရာဇ်များသည် ပအိုဝ်းလူမျိုးများ ပညာတတ်ပြီး တိုးတက်လာမည်ကို အလွန်ကြောက်သူများဖြစ်သည်။ ထို့ကြောင့် ပအိုဝ်းလူမျိုးများ စီးပွားရေးတွင်သော်လည်းကောင်း၊ ပညာရေးတွင်သော်လည်းကောင်း နလန်မထူနိုင်အောင် နည်းမျိုးစုံဖြင့် အဆမတန်အခွန်တော်ငွေကောက်ယူခြင်း၊ စာသင်ကျောင်းများဖွင့်လှစ်ခွင့်ပိတ်ပင်ခြင်းအပြင် ပအိုဝ်းလူမျိုးများနေထိုင်ရာဒေသများတွင် အရက်ဆိုင်များ၊ မူးယစ်ဆေးဝါးများ ရောင်းချခွင့်ပေးပြီးအခွန်များ ကောက်ယူခြင်း၊ ပအိုဝ်းရွာများကိုမီးရှို့ခြင်း၊ ပအိုဝ်းအမျိုးသမီးများကို အဓမ္မပြုကျင့်ပြီး ဖမ်းဆီးသတ်ဖြတ် ခြင်းများပြုလုပ်လာခဲ့ကြပြီး၊ ပအိုဝ်းလူထုများအပေါ် အကြောက်တရားများဖြင့် အုပ်စိုးခြယ်လှယ်ခဲ့ကြသည်။ သည်းခံနိုင်မှုအတိုင်းအတာကိုကျော်လွန်ပြီး ယုတ်မာရက်စက်သောပဒေသရာဇ်များ၏ လုပ်ရပ်များသည် ပအိုဝ်းလူထုများ၏ မခံချင်စိတ်ကိုလှုပ်နှိုးသလိုဖြစ်ပေါ်စေပြီး ပဒေသရာဇ်၏လုပ်ရပ်များကို မခံမရပ်နိုင်သည့် အဆုံး ပအိုဝ်းလူမျိုးများ၏ ပဒေသရာဇ်တော်လှန်ရေးခေါင်းဆောင် ဖြားတန်ကောင်ခယ် ဦးဆောင်ပြီး ရရာလက်နက်စွဲကိုင်ကာ ပဒေသရာဇ်စနစ် ဆိုးကြီးကို ပအိုဝ်းဒေသမှ အမြှစ်ပြတ် တိုက်ထုတ်နိုင်ခဲ့သည်။ ပအိုဝ်းဒေသတွင် ပဒေသရာဇ်စနစ်ဆိုးကြီး ချုပ်ငြိမ်းသွားသောအခါ ပအိုဝ်းပြည်သူများ စည်းစည်းလုံးလုံးနှင့် စီးပွားရေး၊ ပညာရေးကဏ္ဍများတွင်  အဆင်ပြေလာနေသည်ကို မနာလိုသောသူများသည် တဖန် ပအိုဝ်းပြည်သူအချင်းချင်းကို  နည်းမျိုးစုံဖြင့်သွေးခွဲစေခဲ့သည်။ ပအိုဝ်းလူမျိုးများသည်  မနာလိုသူတို့၏ ပယောဂသွေးခွဲခံခဲ့ရမှုတို့ကြောင့် အကွဲအပြဲနှင့်ထပ်မံကြုံတွေ့ခဲ့ရပြီး နောက်ဆုံးတွင် မနာလိုသူတို့၏ ဘေးပယောဂများကြောင့် ကိုယ့်လူမျိုးအချင်းချင်းကိုပင်ငဲ့ညာမှုမရှိဘဲ လက်နက်ကိုင် ပြန်တိုက်ခိုက်ခဲ့ရသည်အထိ ဖြစ်ခဲ့ရသည်။ ဤအခြေအနေအထိဖြစ်လာရသည်မှာ ပအိုဝ်းပြည်သူတစ်ဦးအနေဖြင့် မည်သို့မျှလက်မခံနိုင်သော အလွန်ဝမ်းနည်းဖွယ်ခံစားရသည်။ မနာလိုသူတစ်ဦး(သို့) သူတစ်စု၏ ဘေးပယောဂများကြောင့် ကိုယ့်အချင်းချင်း စည်းလုံးညီညွတ်မှုပျက်ပြားကာ စိတ်ဝမ်းကွဲနေကြပြီလော၊ ရှေ့လျောက်ဒီလိုဘဲကွဲပြဲနေ ကြဦးမည်လော၊ စည်းလုံးညီညွတ်မရှိဘဲနှင့် ပအိုဝ်းတစ်မျိုးသားလုံး၏ အနာဂတ်ကို ဘယ်လိုယုံကြည်မှုမျိုးနှင့် တည်ဆောက်ကြမည်နည်း၊  ပအိုဝ်းတစ်မျိုးသားလုံး၏အနာဂါတ်အတွက် ပအိုဝ်းလူမျိုးမှမတောင်းဆို၊ မလှုပ်ရှားလျှင် မည်သူကမျှ ပအိုဝ်းအတွက်ဆိုပြီး တောင်းဆိုပေးလိမ့်မည်မဟုတ်ပါ။ တိုင်းရင်းသားလူမျိုး ပေါင်း(၁၃၅) မျိုးရှိသည့်အနက် လူဦးရေအရ အဆင့်(၅)လောက်ရှိနေသည့် လူမျိုးသည် သူများအနိမ်ခံ ဘဝနဲ့ဘဲ နေသွားကြတော့မည်လော၊ ခေတ်အဆက်ဆက် ပအိုဝ်းပြည်သူ၊ ပအိုဝ်းလူမျိုးများအတွက် အသက်သွေးချွေးများနှင့်ရင်းကာ ဘဝကိုပေးဆပ်ခဲ့သော မျိုးချစ်ပုဂ္ဂိုလ်ကြီးများကို လက်ရှိပအိုဝ်း ခေါင်းဆောင်များ၊ ခေတ်ပညာတတ်ပအိုဝ်းလူငယ်များ၊ တတ်သိပညာရှင်များနှင့် ပအိုဝ်းပြည်သူလူထုများ အနေဖြင့် စာနာထောက်ထားကာ နိုးထချိန်တန်နေပြီဖြစ်သည်။ ယခုပြည်သူများ၏မဲဆန္ဒဖြင့် တင်မြောက် ခြင်းခံထားရသော အစိုးရသစ်လက်ထက်တွင် တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် အပစ်ခတ်ရပ်စဲရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးကို ဖော်ဆောင်နေပြီဖြစ်သည်။ ပြည်တွင်းငြိမ်းချမ်းရေးမှသည် ၂၁ ရာစု ပင်လုံ ညီလာခံကြီးကို အကောင်အထည်ဖော်ရန် ပြင်ဆင်နေ ပြီဖြစ်သည်။ ၂၁ ရာစု ပင်လုံညီလာမှာ ပအိုဝ်းတစ်မျိုးသားလုံးအတွက် ဘာတွေတောင်းဆိုသွားမှာလဲ၊ တောင်းဆိုနိုင်ရန်အတွက် ဘာတွေပြင်ဆင်ထားပြီးပြီလဲ၊ ပြီးခဲ့သည့် ၁၉၄၇ ခုနှစ်တွင် ကျင်းပခဲ့သည့် ပင်လုံညီလာခံကြီးသည် ပအိုဝ်းလူမျိုးအများစု နေထိုင်ရာဒေသတွင် ကျင်းပခဲ့သော်လည်း ပအိုဝ်းလူမျိုးများသည် နိုင်ငံရေးအမြင်များ အားနည်းခြင်းကြောင့်လား၊ ရရှိလာသည့် အခွင့်အရေးကို အသုံးမချတတ်ခဲ့သောကြောင့်လား၊ ပြီးခဲ့သည့် ပင်လုံညီလာခံကြီးသည်  ပအိုဝ်းတစ်မျိုးသားလုံးအတွက် အခွင့်အရေးများဆုံးရှုံးခဲ့ရပြီးဖြစ်သည်။ ပြီးခဲ့သည်များကို သင်ခန်းယူနိုင်ရန် ဖြစ်ပြီး မကြာမီအချိန်တွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ဦးဆောင်ပြီး ကျင်းပတော့မည့် ၂၁ ရာစု ပင်လုံညီလာခံအခမ်းအနားကြီးမှာ ပအိုဝ်းတစ်မျိုးသားလုံးအတွက် ရသင့်ရထိုက်သော အခွင့်အရေးများ မဆုံးရှုံးရလေအောင် ပအိုဝ်းခေါင်းဆောင် အဆင့်ဆင့်မှသည် ပအိုဝ်းပြည်သူ တရပ်လုံးအထိ အမျိုးသားစိတ်ဓါတ်အားမာန်အပြည့်ဖြင့် ကြိုတင်ပြင်ဆင်ထားရန် အထူးလိုအပ်နေပြီဖြစ် သည်ဟု အကြံပြုတိုက်တွန်းလိုက်ရပါသည်။
ခြဲုင်းပေခွန် (စန္တာခမ်း)

Saturday, June 11, 2016

အကြွေစောသောပန်း မဖြစ်စေလို

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ ဇွန်လ (၁၁) ရက်



လောကသဘာဝတရားကြီးက လူသားအားလုံးကို မျှတသော အခွင့်အရေးများ ပေးနေသည်မှာ လူတိုင်းအသိပင် ဖြစ်ပေလိမ့်မည်။   မိမိတို့သည်  (၂၄)နာရီ ဟူသော ကိုယ်ပိုင်အချိန်၊ စဉ်းစား တွေးတော တတ်ရန်ဟူသော ဦးခေါင်းတစ်လုံး၊ လုပ်ကိုင်စားသောက်နိုင်ရန် ဟူသော ခြေလက်(၂)ချောင်းကို  ကျေးဇူးရှင် မွေးမိခင်၏၀မ်းဗိုက်မှ မွေးဖွားလာကတည်းကပင် လူသားများအတွက် အရင်းအနှီးအဖြစ် သဘာဝတရားကြီးက အခွင့်အရေး တန်းတူညီမျှစွာ ပေးထားခဲ့ပြီး ဖြစ်ပါသည်။ သို့သော်လည်း ထိုသဘာဝတရားကြီးပေးသော အရင်းအနှီးများကို မှန်ကန်သော လမ်းကြောင်းပေါ်ရောက်အောင် တွန်းပို့ပေးနိုင်သည်မှာ ပညာတည်းပင် ဖြစ်သည်။  ထို့ကြောင့် လူသားတိုင်း အမက်မောဆုံးအရာမှာ ပညာသာ ဖြစ်သည်။ ပညာသည် ကုန်ဆုံးနိုင်သော အရာမဟုတ်ပါ။ ပညာသည် ခိုးယူ၍ ရသော အရာလည်း မဟုတ်ပေ။ ပညာ၏ ဆန်းကြယ်မှုကို စာဖွဲ့ရင် ကုန်နိုင်မည် မဟုတ်လော။
ထို့ကြောင့်  မိဘတိုင်းက  အမြော်အမြင်ကြီးစွာဖြင့် မိမိတို့သာသမီးများ ပညာတတ်မြောက်ပါစေ ဟူသော ရည်မှန်းနှင့် မိမိတို့ကို ပညာများသင်ကြားစေခြင်းသာ ဖြစ်သည်။ မိမိတို့ မိဘများသည် မိမိတို့ ပညာတတ်ဖြစ်စေရန်အတွက် ဒုက္ခပေါင်းများစွာ၊ သီးခံခွင့်လွှတ်ခြင်းများစွာ ပေးဆပ်ခဲ့ရပါသည်။  မိမိတို့ ငယ်ရွယ်စဉ်တွင် မိမိတို့ ကျောင်းတက်ရန်အတွက် မိဘများက အမျိုးမျိုးချော့မော့၍ သူတို့တတ်သော နည်းလမ်းနှင့် မိမိတို့ကို အောက်ကျိုးခံကာ ကျောင်းထားကြရသည်။ မိမိတို့ ကျောင်းမပျက်ရန် မိဘများက မိမိတို့ လိုချင်သော အရာများကို မရ၊ ရအောင်ဝယ်ပေးသည့် မိဘများလည်း ရှိပါလိမ့်မည်။ ကျောင်းသို့ ရောက်သွားသော်လည်း အခြားကလေးနှင့် ရန်ဖြစ်မှာကို ကြောက်နေရ၊ စာမရလို့ ဆရာမ ဆူမှာကို စိုးရိမ်နေရ၊ ဆော့ကစားရင်းနှင့် တစ်ခုခုဖြစ်မှာကို ကြောက်နေပြန်၏။  ရှက်တတ်၊ သိတတ်စအချိန် အလယ်တန်း ရောက်ပြန်သော်လည်း မိဘများက  သူတစ်ပါး သားသမီးနှင့် အ၀တ်အစား၊ အစားအသောက် မတူမှာ စိုး၍ နောက်တစ်ကြိမ် ထပ်မံရုန်းကန်ရပြန်ပါသည်။ ရည်မှန်းချက်ထားတတ်သော အထက်တန်းရောက်ပြန် သော်လည်း မိဘများက အပေါင်းအသင်းမှားမှာကို ကြောက်နေရ၊ စာမကျက်ဘဲ စိတ်လေပြီး ရည်းစားထား မှာကို ကြောက်နေရ၊ အရက်သောက်၊ ဆေးလိပ်သောက်၊ စာမေးပွဲ ကျမှာကို ကြောက်နေရပြန်၏။ ဤသည်ကို ကြည့်လျှင် မိမိတို့ အထက်တန်းကို ရောက်အောင် မိဘများက မည့်ကဲ့သို့ သောကအကြောက် တရားများနှင့် ရင်ဆိုင်ခဲ့ရသည်ကို ခန့်မှန်းလျှင် သိနိုင်ပါသည်။ နောင်တချိန်၌ မိမိတို့ ပညာတတ်ဘွဲ့ရသောအခါ မိဘများကို ပြန်လည်လုပ်ကျွေးနိုင်ပါစေဟူ မျှော်လင့်ချက်မှာ မိမိတို့မိဘများ၏ ရင်ဘတ်ထဲတွင် ၁၀%သာ ရှိပါလိမ့်မည်။ ကျန်သော ၉၀%မှာ မိမိဘ၀လမ်းခရီးကို ဖြောင့်ဖြောင့်တန်းတန်း လျှောက်လှမ်းနိုင်ပါစေဟူသော မျှော်လင့်ချက်သာ ဖြစ်သည်။
တချို့ကလည်း မိဘမစုံလင်၊ မပြည့်စုံသည့် ကြားကပင် ရည်ရွယ်ချက်ကြီးမားစွာဖြင့် ပညာသင်ကြား နေသော လူငယ်များလည်း ရှိပါလိမ့်မည်။ ထိုသူများသည် အခြားသူများ ပျော်နေချိန်တွင် အလုပ်လုပ်နေ ရလိမ့်မည်။ အခြားသူများ ရယ်နေချိန်တွင် ငိုကောင်းငိုနေလိမ့်မည်။ သို့သော်လည်း သူတို့၏ အသည်းနှလုံးထဲ  တွင် အခြားသူတစ်ပါးထက် ကြီးမားသော ရည်မှန်းချက်များရှိနေသည်ကို မြင်တွေ့နိုင်ပါသည်။  မိမိနှင့်အတူ မိမိတို့မိဘများ အချိန်နှင့်ရင်းပြီး ပြုစုပျိုးထောင်ခဲ့သောပန်းကို ရနံ့သင်းသင်း ကြိုင်ကြိုင်နှင့် မြင်ချင်ကြသည်မှာ မဆန်းလှပေ။  သို့သော်လည်း ကြိုးစားခဲ့သည်ချင်းအတူတူ အတိတ်ကံ မကောင်း၊ ကံကြမ္မာက မျက်နှာ သာမပေးခဲ့၍ ဒီအချိန်တွင် ပျော်သူရှိနေသကဲ့သို့ ၀မ်းနည်းနေသူ များလည်း ရှိနေလိမ့်မည် ဖြစ်သည်။ မည်သို့ပင် ဖြစ်စေကာမူ မိဘများအနေနှင့် ၀မ်းနည်းမှုကို ဥပေက္ခာပြု၍ မိမိတို့၏ သားသမီးများကို အားပေးနှစ်သိမ့်ကာ နောက်တစ်ကြိမ် ထပ်မံအားပေးစေလိုပါသည်။ သားသမီးများ အနေနှင့်လည်း စိတ်ဓာတ်မကျဘဲ မိဘမျက်နှာကို ထောက်၍ ဒီနှစ်မှာ ငါအောင်ကိုအောင်ရမည်ဟု အဓိဌာန်ချပြီး ကြိုးစားအားထုတ်စေလိုပါသည်။ မိမိတို့လူငယ်တွင် အားအင်းအပြည့်ရှိ၏။ အနာဂတ်ကို ပိုင်ဆိုင် သောသူလည်း ဖြစ်၏။
စာမေးပွဲကျသည်မှာ နောင်တရခြင်းမဟုတ်။ စာမေးပွဲကျ၍ စိတ်လေပြီး ကျောင်းဆက်မတတ်၊ ဖြစ်ချင်သလိုနေသည်က နောင်တစ်ချိန်တွင် မိမိအတွက် ကြီးမားသော နောင်တဖြစ်စေမည်မှာ မလွဲဧကန်ပင် ဖြစ်သည်။ နောက်တလှမ်းဆုတ်သည်မှာ အရှုံးပေးသည်မဟုတ် ရှေ့ကိုဆက်လျှောက်ရန် အားယူခြင်း သာဖြစ်သည်ဟု မှတ်ယူလိုပါသည်။ ပညာရေးသည် ကမ္ဘာကြီးကို ပြောင်းလဲပစ်ဖို့ စွမ်းအားအရှိဆုံး လက်နက် ဖြစ်သည်ဟု Nelson Mandela ကပြောခဲ့ဖူးသည်။ ထို့ကြောင့် မိမိတို့ချစ်သော မြန်မာနိုင်ငံ၊ မိမိတို့ချစ်သော မိမိတို့လူမျိုးကို တိုးတက်အောင်၊ ငြိမ်းချမ်းအောင် ပြောင်းလဲပစ်ဖို့ မိမိတို့ ပညာတတ်ကိုတတ်မှ ရမည်ဖြစ်သည်။ အနီးစပ်ဆုံး မိမိတို့ ပအိုဝ်းလူမျိုးများနှင့် ထိုက်တန်သော အခွင့်အရေးများရရန်အတွက် မိမိတို့ပညာတတ်မှသာ လျှင် လုပ်ယူ၍ ရမည်ဖြစ်သည်။  ထို့ကြောင့် မိမိတို့ ချစ်သောပအိုဝ်းလူမျိုးများ အနာဂတ်တွင် တိုးတက်ဖို့၊ မပျောက်ကွယ်ဖို့ မိမိတို့ပအိုဝ်းလူငယ်များပေါ်တွင် မူတည်နေသည်ကို သတိချပ်စေလိုပါသည်။
ယခုမိမိတို့ သင်ယူနေသော အတန်းကျောင်းပညာသည် မိမိတို့ဘ၀ခရီးလမ်းတွင် အစိတ်အပိုင်း တစ်ခုမျှသာ ဖြစ်သည်။ မိမိတို့လူငယ်တွင် မကုန်နိုင်သော ပညာများကို လေ့လာဆည်းပူးရန် အချိန်များစွာ ကျန်ရှိနေပါသေးသည်။ ထိုမကုန်ခန်းနိုင်သော ပညာရပ်များကို လေ့လာသင်ယူရန် အခြေခံ(၁၀)တန်းအောင် လက်မှတ်ကို ကိုင်ဆောင်နိုင်ပါမှ အခွင့်အလမ်းများမည်ဖြစ်ပါသည်။  မည်သို့ပင်ဖြစ်စေကာမူ မိမိတို့သည် လွယ်လွယ်နှင့်အရှုံးမပေးတတ်သည့်လူ၊ အကြွေစောသောပန်း မဟုတ်သည်ကို လာမည့် ၂၀၁၆-၂၀၁၇ ပညာသင်နှစ်တွင် ကျရောက်မည့် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲတွင်  သက်သေပြနိုင်အောင် ထပ်မံကြိုးစား အားထုတ်ကြလိမ့်မည်ဟု ယုံကြည်မျှော်လင့်တိုက်တွန်း လိုက်ရပါသည်။
 
ခွန်ထင်;လေအောင်;

   
   
   
   


   
   

Saturday, May 28, 2016

ခေတ်ရေစီးကြောင်းနှင့်မျိုးချစ်လူငယ်

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ မေလ (၂၈) ရက်








မိမိတို့ပအိုဝ်းလူမျိုးများသည် လွန်လေပြီးသော နှစ်ကာလပေါင်းများစွာမှ အခြားသောလူမျိုးများနည်းတူ မြန်မာနိုင်ငံတွင်အခြေချနေထိုင်လာခဲ့ကြသည်။ လက်ရှိအချိန်ထိ ခေတ်စနစ်ပေါင်းမြောက်များစွာကို သွေးချွေးများစွာ ပေးဆပ်ပြီး ဖြတ်ကျော်လာရင်းနှင့် ယနေ့အချိန်ထိ တစုတစည်းတည်း စည်းစည်းလုံးလုံးညီညီညွတ်ညွတ် ရပ်တည်နေထိုင်လျှက် ရှိပါသည်။ ဒီနေ့ဒီအချိန်ကာလထိ“ပအိုဝ်း”ဟူသော နာမည်တစ်လုံးနှင့် ရပ်တည်နေနိုင်အောင် သူ့ခေတ်သူ့အခါသူ့ပညာဖြင့်သာ ထိန်းသိမ်းစောင့်ရှောက်သွန်သင်ဆုံးမပေးကြသော ကျွန်ုပ်တို့၏ ရဟန်းသံဃာတော်ကြီးများ၊ ဘိုးဘွားများ၊ သက်ဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များကို အထူးပင်ကျေးဇူးတင်မိပါသည်။ ယခုလက်ရှိခေတ်ကာလမှာဖြင့် ပညာခေတ်၊ နည်းပညာခေတ် ဖြစ်သည်နှင့်အညီ မိမိတို့ပအိုဝ်းလူမျိုးများကလည်း ငြိမ်းချမ်းရေး၏ အကျိုးကျေးဇူးကြောင့်ခေတ်နှင့် လိုက်လျောညီထွေစွာ ခေတ်ပညာတတ်လူငယ်၊ လူရွယ်များနှင့် ခေတ်အလိုက် နည်းပညာဆိုင်ရာ အသိပညာအတတ်ပညာများစွာ ပိုင်ဆိုင်နိုင်ကြသည်ကို တွေ့မြင်နေရပါသည်။
ယခုခေတ်ကာလတွင် မိမိတို့ပအိုဝ်းပညာတတ်လူငယ်များသည် ခေတ်ပညာတတ်ဆိုသည့် ဂုဏ်ပုဒ်နှင့်အညီ ဘာသာဗေဒဆိုင်ရာ တတ်ကျွမ်းကြသည်သာမက နည်းပညာဆိုင်ရာအီးမေး၊ အင်တာနက်များကိုလည်း ပိုင်နိုင်စွာအသုံးချနိုင်ကြသည်မှာ မလွှဲဧကန်မှန်ပေသည်။ ဤသို့သော ဂုဏ်ဒြပ်များစွာ ပိုင်ဆိုင်ထားသည်ကို မိမိတို့လူမျိုး၊ ဘာသာ၊ သာသနာ၊ အကျိုးစီးပွားများအတွက် အကျိုးများဖြစ်ထွန်းအောင် ဒီထက်မက ဖွံ့ဖြိုးတိုးတက်အောင် မှန်ကန်စွာအသုံးချနိုင်ရန် အဓိကလိုအပ်မည်ဟု ထင်မိပါသည်။ မည်သည့်ပုဂ္ဂိုလ်မဆို မိမိနှင့်သက်ဆိုင်ရာလူမျိုး၊ ဘာသာ၊ သာသနာများကို ချစ်ခင်မြတ်နိုးကြသည်မှာအမှန်ပင်ဖြစ်သည်။ ထို့ကြောင့် မိမိတို့ပအိုဝ်းလူမျိုးများသည်လည်း မိမိတို့လူမျိုးကို ချစ်ခင်မြတ်နိုးကြမည်သာမက ဒီထက်မကဖွံ့ဖြိုးတိုးတက်ပြီးအကျိုးစီးပွားများ ဖြစ်ထွန်းစေချင်သည်မှာအမှန်ပင်ဖြစ်သည်။ ထိုသို့ တိုးတက်အောင်မြင်နိုင်ရန်အတွက် မိမိတို့လူမျိုးအချင်းချင်း ရိုင်းပင်းကူညီဖေးမပြီး စည်းလုံးညီညွတ်မှုကို ဆက်လက်ထိန်းသိမ်းရန် လိုအပ်ပေသည်။ ယခုအချိန်မှာ ခေတ်ပညာတတ်လူငယ် လူရွယ်များနှင့် လက်ရှိပအိုဝ်းလူမျိုးများဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များ မိမိတို့လူမျိုးအတွက် တကယ့်လက်တွေ့ ရှေ့မီနောက်မီအလုပ်လုပ်ပေးနေကြသောအထက်လူကြီးပုဂ္ဂိုလ်များသည် အမြဲတူယှဉ်လက်တွဲပြီး မိမိတို့လူမျိုးများအတွက် ဖွံ့ဖြိုးရေးလုပ်ငန်းများကို လုပ်ဆောင်ရန် လိုအပ်ပေသည်။ ဤသို့ပြောဆိုမှုများ ရှိသော်လည်း မိမိကိုယ်တိုင်အပါအ၀င် ယခုခေတ်လူငယ်များသည် စကားဖြင့်သာ“အမျိုးကိုချစ်တယ်၊ မြတ်နိုးတယ်” ဟုပြောဆိုမှုများကို တွေ့ရပြီးတကယ့်လက်တွေ့ မိမိတို့လူမျိုးအကျိုးကိုဖွံ့ဖြိုးတိုးတက်အောင် အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှု၊ တစ်ဦးအမှားတစ်ဦးထောက်ပြရင်း အပြုသဘောဆောင်သော ပြုပြင်ပြောင်းလဲမှုများကို ကျင့်သုံးမှုမှာမြင်တွေ့နိုင်ရန် အလွန်ပင်ခက်ခက်ခဲနေသည်ကို မြင်တတ်သူတိုင်း တွေ့နိုင်သည်။ လူဆိုသည်မှာ စရိုက်အမျိုးမျိုးရှိကြရာ စကားဖြင့်ပြောပြီး လက်တွေ့လုပ်သူရှိသလို၊ စကားဖြင့်ပြောသော်လည်း လက်တွေ့အကောင်အထည် မဖော်နိုင်သူများလည်းရှိသည်။ စကားဖြင့်လည်းသိပ်မပြောဘဲ လုပ်သူများလည်းရှိသလို စကားဖြင့်လည်းမပြော လုပ်လည်းမလုပ်သူများလည်းရှိပါသည်။ ကျွန်ုပ်တယောက်အနေဖြင့် ပြောရမည်ဆိုပါက ခေတ်နဲ့အညီအင်တာနက်သုံးသည်။ ဖေစ်ဘုတ်သုံးသည်။ တစ်ရက်တွင်အနည်းဆုံး ၁ နာရီကျော် ၂ နာရီပုံမှန်သုံးဖြစ်သည်မှာ မှန်ပေသည်။ ဤကဲ့သို့အင်တာနက်သုံးလှိုင်းပေါ်တက် အင်တာနက်သုံးတိုင်းမိမိကိုယ်ကိုပြန်ကြည့် ပြန်ဆန်းစစ်ဖို့ မေ့နေတတ်တဲ့အကျင့်မှာ ယခုထက်ထိပင်ဖြစ်သည်။ တွေ့သမျှလှိုင်းပေါ်မှတက်လာသည့် မိမိလူမျိုးနှင့်သာဆိုင်သည့် သတင်းများကို မှန်သည်၊ မှားသည် စဉ်းစားချင့်ချိန်မှုမရှိငြင်းခုံကြရင်း ဟိုပုဂ္ဂိုလ်မကောင်းကြောင်းပြော၊ ဒီပုဂ္ဂိုလ်မကောင်းကြောင်းပြော၊ ဒီအဖွဲ့ ဟိုအဖွဲ့မကောင်းကြောင်းတွေ ပြောရင်းနဲ့ပင် အချိန်တော်တော်ကုန်ခဲ့ပါသည်။ တကယ်တမ်းလက်တွေ့ကျကျ ပြန်လည်တွေးတောကြည့်မိသည်မှာ မိမိတို့သည် ကိုယ့်လူမျိုး၏ အရည်အချင်း၊ စိတ်ဓါတ်၊ အကျင့်စရိုက်များကို မိမိတို့ကိုယ်တိုင်လူအများသိအောင် ဖော်ပြနေတာပါလားဆိုသည့် အတွေးဝင်မိပါသည်။ စဉ်းစားကြည့်ပါက တခါတရံမှာ မိမိတို့ပုဂ္ဂိုလ်ရေးကိစ္စမှသည် သက်ဆိုင်ရာလူပုဂ္ဂိုလ် ကြီး၊ ငယ်မရွေး ရေးသားပုတ်ခတ်လိုက်မိသည်ကိုအဟုတ်ထင်နေမိခဲ့သည်။ တကယ်တမ်းမှာ ထိုလူပုဂ္ဂိုလ်နှင့်မိမိမှာမူ လူမျိုးတစ်မျိုးတည်းဖြစ်ပေသည်။ ဤကဲ့သို့သော အမျိုးအချင်းအချင်း ပြောဆိုပြုမူမှုများသည် အမျိုးကိုအမှန်တကယ်ချစ်ခင်မြတ်နိုးရဲ့လား၊ ချစ်ခင်မြတ်နိုးရက်သားနဲ့ ဘာလို့များခွင့်လွတ်တဲ့စိတ်မဟုတ်တောင်မှ မှားနေသည့်အမှားကို အမှန်ဖြစ်အောင် အပြုသဘောဆောင်သော အကြံဥာဏ်မပေးနိုင်ဘူးလားဟူ၍ တွေးမိပါသည်။ သို့တည်းမဟုတ် မိမိကိုယ်တိုင် ထိပ်တိုက်ဆွေးနွေးမှုများပြုလုပ်ပြီး နည်းမှန်လမ်းမှန်ရောက်အောင် ၀ိုင်းဝန်းတွန်းပို့ကြမည်ဆိုပါက ပို၍ကောင်းမည်လို့ ထင်မိပါသည်။ အမှားနှင့်အမှန် ယှဉ်တွဲလျှက်ရှိနေသည့် ဤကမ္ဘာဤလောကကြီးမှာ လူရယ်လို့ဖြစ်လာသည်နှင့် သူ့အရွယ်နှင့်သူ သူ့ကျွမ်းကျင်ရာနှင့်သူပင်ဖြစ်သည်။ အမှားကင်းသူရှိမည်မထင်ပါ။ ဒီခေတ်ကာလကြီးတွင် သူ့လူမျိုး၊ ကိုယ့်လူမျိုး၊ သူ့နိုင်ငံ၊ ကိုယ့်နိုင်ငံဆိုပြီး ခေတ်သစ်နည်းပညာအသစ်များ ပေါ်ထွန်းနိုင်ရန် သူ့ထက်ငါသာအောင် နည်းအမျိုးမျိုးပြိုင်ဆိုင်နေသည့် ခေတ်ကြီးထဲမှာ မိမိတို့လူမျိုးအနေဖြင့် တစ်ဦးအပေါ်တစ်ဦး သံသယမကင်းရှင်းနိုင်သေးသရွေ့ အဘယ်သို့ ဒီထက်ပိုမိုသော အောင်မြင်မှုကိုရယူနိုင်မည်နည်း။ မိမိတို့လူမျိုး ဒီအခြေနေဒီခရီးထက် ပိုမိုလျှောက်လှမ်းနိုင်ရန် လူကြီး၊ လူငယ်များမှ တစ်ဦးအမှားတစ်ဦးစောင့်ကြည့်ပြီး ငြင်းခုံမှုပြုလုပ်ခြင်းထက် တိုင်ပင်ညှိနှိုင်း အဖြေရှာရင်း ရှေးလူကြီးဘိုးဘွားများ၏ စကားပုံဖြစ်သော “မိဘခေတ်က ပန်းပဲဆရာ၊ သားသမီးခေတ်မှာ ရွှေပန်းထိမ်ဆရာ” (မွိုးဖါခေတ်ယိုထွာစင်းလိတ်တဲ့ ပိုခေတ်နောဝ် ဖေကထွာသွော့စင်းခံ,)နှင့်အညီ ယခင်မိမိတို့ မျိုးချစ်ပုဂ္ဂိုလ်များသည် ယနေ့ခေတ်လူငယ်များကဲ့သို့ ပညာအဆင့်တန်း၊ နည်းပညာဆိုင်ရာအတတ်ပညာ၊ အသိပညာ ကြွယ်ဝကျွမ်းကျင်မှုမရှိသော်လည်း မိမိတို့လူမျိုး စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ဖြင့် အမျိုး၊ ဘာသာ၊ သာသနာများကို ထိန်းသိမ်းစောင့်ရှောက်ပြီး ယနေ့ထိ ရပ်တည်နေထိုင်နိုင်လျှက်ရှိသည်ကို ယနေ့ခေတ် ခေတ်ပညာတတ်လူငယ်များမှ လေးစားတန်ဖိုးထားပြီး ယခင်ကထက် မိမိတို့လူမျိုး၊ ဘာသာ၊ သာသနာအကျိုးကို ပိုမိုစည်းလုံးသောအင်အားဖြင့် ထိန်းသိမ်းစောင့်ရှောက်ရမည်မှာ မိမိတို့တာဝန်ပင်ဖြစ်သည်။
မိမိအနေဖြင့် ယခုခေတ်ကာလနှင့်အညီ ကျွန်ုပ်တို့ခေတ်ပညာတတ်လူငယ်များ၏ ခေတ်ပညာများ၊ နည်းပညာများဆိုင်ရာအသိပညာ၊ အတတ်ပညာများစွာဖြင့် မိမိတို့ လူမျိုး၊ ဘာသာ၊ သာသနာ၊ လူမှုရေးအကျိုးစီးပွားဆိုင်ရာမှန်သမျှကိစ္စအ၀၀ကို ကမ္ဘာတည်သရွေ့နေ့စဉ်ရက်ဆက် ဖွံ့ဖြိုးတိုးတက်မှုရှိပြီး ဆက်လက်ရပ်တည်နေနိုင်ရန်အတွက် တစ်ဦးအပေါ်တစ်ဦး သံသယကင်းရှင်းစွာဖြင့် တတ်အားသမျှဝိုင်းဝန်းကူညီဖေးမပြီးအတူတကွ ခရီးဆက်ကြဖို့ တိုက်တွန်းရင်း………..………..…..အားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ။


ခွန်အောင်နိုင်(ခဲုင်း)

Thursday, May 26, 2016

အခွင့်အရေး

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ မေလ (၂၇) ရက်


မြန်မာစကားတွင် “မသိသူကျော်သွားသိသူဖော်စား” ဟူသောစကားတစ်ခုရှိသည်။ ယင်းစကားသည် ရိုးလွန်းနေပြီဖြစ်သော်လည်း ယနေ့တိုင် တစ်ချို့လူအတွက် သတ်သေချင်စိတ် ပေါက်လောက်သည်အထိ တိုက်ရိုက်ကြီး မှန်ကန်နေဆဲ ဖြစ်သည်။
နေရာတိုင်းတွင် အခွင့်အရေးရှိသည်။ ယနေ့ကမ္ဘာတွင် လူဦးရေအဆမတန် တိုးပွားလာသည်နှင့်အမျှ ပြိုင်ဆိုင်မှုများလည်း ယခင်ကထက်တိုးပွားပြင်းထန်လာကာ အခွင့်အရေးဆိုသောအရာသည်လည်း ၎င်းတို့၏ပတ်ဝန်းကျင်တွင် အခြေတည်လျက်ရှိနေသည်။ အခွင့်အရေးသည် သိပ္ပံတီထွင်မှုလောက၌သာ မဟုတ် အခြားနယ်ပယ်ပေါင်းစုံ၌ပင် အနှံ့အပြားတည်ရှိနေသည်။ သို့သော် အခွင့်အရေးသည် အပြင်တွင် အထင်အရှား စာတန်းထိုးမထားသဖြင့် မျက်စိရှိသူတိုင်းမမြင်ရပါ။ မိမိဘ၀အတွက် တိုးတက်ရာတိုးတက် ကြောင်း အောင်မြင်ရာအောင်မြင်ကြောင်းကို မပြတ်စဉ်းစားနေသူများသာ မြင်ရတွေ့ရသည်။ ထိုသူသာလျှင် မည်သည့်အရာသည် တိုးတက်ရေးလမ်းစ မည်သည့်အရာသည် အောင်မြင်ရေးတခါးဝ ဆိုသည်ကို မြင်ကြသည်။ အချို့အခွင့်အရေးများသည် အတော်လေးကျော်သွားပြီး နောက်ထပ်တစ်ဦးတစ်ယောက်နှင့် စကားပြောနေသည်ကိုမြင်မှ " ဟာ အဲဒါအခွင့်အရေးပဲကို ငါမမှတ်မိလို့ နှုတ်မဆက်လိုက်ရဘူး " ဆိုပြီး နောင်တရလည်း ထိုအခွင့်အရေးက ဆုံးရှုံးခဲ့ပြီဖြစ်သည်။ နောက်ကျခဲ့ပြီဖြစ်သည်။
တခါတရံ လူတို့သည် ကလေးများနှင့် တူလေသည်။ ကလေးသည် မိမိလက်ထဲရှိ ကစားစရာကို ကောင်းသည်မထင်။ အခြားသော ကလေးများလက်ထဲရှိ ကစားစရာကိုသာ လိုချင်ကြသည်။ ကျွန်ုပ်တို့သည်လည်း ထိုနည်းလည်းကောင်းပင် ကိုယ်လက်ငင်းရယူနိုင်သည့်အရာကို အကောင်းမမြင်၊ သူတစ်ပါး၏ အနေအထား သူတစ်ပါးလုပ်ကိုင်နိုင်ခွင့်ရှိနေသည့်အရာကိုပင် ချို့ယွင်းချက်များ၊ အားနည်းချက်များမမြင် အကောင်းများသာ မြင်ကြသည်။ ရှေ့နေ၊ ဆရာဝန်၊ အင်ဂျင်နီယာ၊ သူဌေးကြီး အဆင့်ရောက်နေသူများသာ မဟုတ် ရုံးတွင် စာစီစာရိုက်လုပ်သူ၊ ဈေးဆိုင်တွင် အကူလုပ်သားလုပ်နေရသူ သာမာန်အောက်ခြေလူသား အလုပ် လုပ်နေရသူ စသည့်ပုဂ္ဂိုလ်များလည်း အောက်ခြေလှေကားထစ်မှသည် ထိပ်ဆုံးအဆင့်ထိ တက်သွားနိုင်သည့် အခွင့်အရေးကိုယ်စီရှိကြသည်။
ယနေ့အောက်ခြေလုပ်သား မနက်ဖြန်ကုမ္ပဏီအကြီးအကဲဟူ၍ ပြောင်းလဲသွားသည်မှာ မရှိသလောက်ရှားသည်။    သို့သော် အခွင့်အရေးလမ်းစ ရှိသမျှကို တစ်ခုချင်း၊ တစ်ထစ်ချင်း ရယူတက်လှမ်း သွားမည်ဆိုလျှင် နောင်ဆယ်နှစ်၊ အနှစ်နှစ်ဆယ်ကြာသည့်အခါ မိမိစတင်လုပ်ခဲ့သည့် လုပ်ငန်းတွင် လည်းကောင်း အခြားလုပ်ငန်းတူ ကုမ္ပဏီတစ်ခု၌လည်းကောင်း အကြီးအကဲတစ်ယောက် ဖြစ်လာနိုင်ပေသည်။ မိမိပတ်ဝန်းကျင်တွင် ထိုသို့တက်လှမ်းအောင်မြင်နေသူပေါင်းလည်း မရေတွက်နိုင်အောင်ပင် ရှိပါသည်။
အခွင့်အရေးရှိမရှိဟူသည် ရယူသူအပေါ်၌သာ မူတည်သည်။ အချို့လူများတွင် အခွင့်အရေးများ အထုပ်လိုက်အပိုးလိုက် ဆိုက်ရောက်လာမည့်အချိန်ကို စောင့်မျှော်ရင်း အိုမင်းသွားကြရသည်။ ထိုလူများအား သူတို့မျှော်လင့်စောင့်စားနေသည့် အခွင့်အရေးဟူသည် မည်သည့်အခွင့်အရေးမျိုးနည်း၊ မည်သည့် ပုံစံမျိုးနှင့်လာမည်နည်းဟု မေးကြည့်လျှင် ရေရေရာရာ ဖြေနိုင်လေ့မရှိပေ။ အကြောင်းကား သူတို့သည် မည်သည့်အရာတွင်မျှ သေသေချာချာစိတ်ဝင်စားမှုမရှိသောကြောင့် ဖြစ်သည်။ မိမိစိတ်ဝင်စားသော အရာ၌သာ ၀င်ရောက်လုပ်ကိုင်ခွင့် ကြီးပွားတိုးတက်အောင်စွမ်းဆောင်ခွင့် လမ်းစများကို တွေ့မြင်တတ်စမြဲဖြစ်သည်။
သိပ္ပံပညာ၌စိတ်ဝင်စားသူတို့သည်သာ သိပ္ပံဆိုင်ရာ တီထွင်မှုများပြုလုပ်ရန် အခွင့်အလမ်းကို မြင်ကြသည်။ စီးပွားရေးလုပ်ငန်း စိတ်ဝင်စားသူများသည် ကြီးပွားအောင် ကြံဆောင်ရန်အခွင့်အရေးကို တွေ့ကြရသည်။ အလားတူပင် မိမိရောက်ရှိနေသည့် လုပ်ငန်းဌာန၏ ကိစ္စအ၀၀ကို စိတ်ဝင်စားမှု ထက်သန်သူ များသည်သာ ၎င်းလုပ်ငန်းဌာန၌ အကြီးအကဲဖြစ်သည်အထိ တိုးတက်ရန် လမ်းစများကို တွေ့ရှိနိုင်ကြမည်ဖြစ်သည်။
လတ်တလောအမြင်၌ သာမာန်ဟု ထင်ရသောအလုပ်များကို ပေါ့ပေါ့မထင်ဘဲ လေးလေးစားစား ဆောင်ရွက်သည့်အခါ ယင်းသည်ပင်လျှင် အခွင့်အရေးဖြစ်လာတတ်လေသည်။ လုပ်သမျှအလုပ်များ အားလုံးကို အရေးကြီးသည်ဟုသတ်မှတ်ကာ ကြိုးစားလုပ်ဆောင်သင့်သည်။ ပြီးစလွယ်နှင့် မြန်မြန်လုပ်ပါက အလုပ်သာ မြန်မြန်ပြီးသွားမည်၊ လိုချင်သည့်ပန်းတိုင်၊ လိုချင်သည့်အရည်အသွေးများ ရောက်ရှိနိုင်မည် မဟုတ်ပါ။ ပေါ့ပေါ့နေပေါ့ပေါ့စား နေသွားပါက အသုံးမကျသူ၊ အခွင့်အရေးကို လက်လွတ်ဆုံးရှုံးသူ ဖြစ် သွားနိုင်သည်။
သို့အတွက်ကြောင့် ယနေ့ခေတ်လူကြီးလူငယ်များအနေဖြင့် မည်သည့်အရာတွင်မဆို လုပ်ဆောင် မည်ဆိုပါက ပေါ့ပေါ့တန်တန်လုပ်ဆောင်ခြင်းမျိုးမဟုတ်ပဲ ကိုယ်ရောစိတ်ပါနစ်ပြီး လုပ်ဆောင်သွားရန်လို အပ်ပါသည်။ သို့မှသာ မိမိလိုချင်သော မိမိရောက်ရှိလိုသော ပန်းတိုင်သို့ရောက်ရှိနိုင်ပါမည်၊ လိုချင်သော အခွင့်အရေးများလည်း ရရှိလာနိုင်မည်၊ ရရှိလာသောအခွင့်အရေးများကိုလည်း အကျိုးရှိရှိ အသုံးချနိုင်မည် ဖြစ်ပါကြောင်း တင်ပြအပ်ပါသည်။
 
ခွန်ရှိုင်းကို




ကျွန်ုပ်တို့စားသောအစားအစာနှင့်ကျန်းမာရေး

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ မေလ (၂၇) ရက်


အာဟာရကို ကျွန်ုပ်တို့နေ့စဉ်မှီဝဲစားသုံးသော အစာမှရရှိသည်။ အစာတွင်ကျွန်ုပ်တို့အတွက် အာဟာရတန်ဖိုးများစွာပါသောအစာ၊ အာဟာရတန်ဖိုးမဖြစ်သောအစာနှင့် အာဟာရမဖြစ်ဘဲ ဥပဒ်ဖြစ်စေသော အဆိပ်ကဲ့သို့ အစာဟူ၍အမျိုးမျိုးရှိသည်။ လူသားတို့ရွေးချယ်စားသုံးသောအစာတွင် လူသားတို့အတွက် လိုအပ်သောအာဟာရတန်ဖိုးလုံလောက်စွာ ရွေးချယ်စားသုံးတတ်ရန် အရေးကြီးပေသည်။ အစာမှ အာဟာရတန်ဖိုးမျှတစွာမရရှိပါက ကျန်းမာရေးချို့တဲ့၍ ဆေးဝါးများမှီဝဲကြရသည်။  ထို့ကြောင့် အစာမှ လူသားအတွက် အာဟာရပြည့်ဝစွာပေးသော အစာများနှင့် လူသားအတွက် ကောင်းကျိုးမပေးသောအစာများကို ခွဲခြားလေ့လာရန်လိုပေမည်။
မြန်မာစကားပုံတွင် သင့်တင့်လျောက်ပတ်သော အစာကိုစားပါက ”အစာလည်းဆေး၊ ဆေးလည်းအစာ”  ဖြစ်သောကြောင့် ဆေးမှီဝဲရန်မလိုပေ။  သို့သော်အစာကို သင့်ရုံမျှမစားဘဲ အလွန် အကျွံစားပါက “တန်ဆေးလွန်ဘေး” ဟူသောစကားနှင့်အညီ ဥပဒ်ဖြစ်စေမည်။ ဓာတ်မတည့် သောအစာများကို စားမိပါက “အစားမတော်တစ်လုတ်”  ဟူသောစကားနှင့်အညီ အစာအဆိပ် သင့်ခြင်းကဲ့သို့ ဘေးဥပဒ်ကို ဖြစ်စေသည်။
ကျောက်ခေတ်လူသားတို့သည် အလေ့ကျပေါက်သော အပင်၊ သစ်သီး၊ သစ်ဥ၊ သစ်မြစ်များနှင့် အမဲလိုက်ခြင်းများမှဝမ်းစာကို ဖြေရှင်းကြရသည်ဟု သုတေသီများကရေးသားဖော်ပြထားသည်။ ဘီစီ (၅၀၀) ခန့်မှစ၍ လူတို့သည် နှံစားပြောင်းနှင့် မုယောစပါးစသော ကောက်ပဲသီးနှံများကို စတင်စိုက် ပျိုးတတ်လာကြသည်။ ရေကြောင်းခရီးဖြင့် မာကိုပိုလိုသည် ကမ္ဘာ့အရှေ့ဖျားမှ အစာနှင့် ဟင်းခတ် အမွေးအကြိုင်များကို ဥရောပသို့ သယ်ဆောင်လာခဲ့သည်။ ကိုလံဘတ်နှင့် အခြားနယ်မြေ သစ်ရှာဖွေသူ စပိန်လူမျိုးတို့သည်လည်း အာလူး၊ မြေပဲနှင့်အခြားပဲအမျိုးမျိုး၊ သီဟိုသရက်သီးစသော အစာများကို စပိန်နိုင်ငံသို့သယ်ဆောင်လာခဲ့ကြရာမှ အစာများသည် နိုင်ငံတစ်နိုင်ငံမှ တစ်နိုင်ငံသို့ ပျံ့နှံ့လာခဲ့ရသည်။
ကမ္ဘာပေါ်တွင် အစာပေါင်းများစွာရှိသဖြင့် အစာတစ်ခုချင်းစီ၏ အဟာရဓာတ်ပါဝင်မှုသည် လည်း မတူကွဲပြားလျက်ရှိသည်။ သို့သော် အုပ်စုအားဖြင့် (၆)မျိုးခန့်ခွဲခြားနိုင်သည်။ ၎င်းတို့မှာ
၁။ ကာဗိုဟိုက်ဒရိတ်များ။     ။ ဆန်၊ ဂျုံ၊ ပြောင်း၊ အာလူးနှင့် သကြား စသော အစားအစာများဖြစ်ပြီး ၎င်းသည် ခန္ဓာကိုယ်အတွက် လိုအပ်သော စွမ်းအင်ကို ဖြည့်ဆည်းပေးသည်။
၂။ ဆီနှင့် အဆီများ။    ။ စားသုံးဆီအမျိုးမျိုးနှင့်   ဒိန်ခဲ တို့ဖြစ်သည်။ ဤအစာမှရသော အာဟာရ သည်လည်း ခန္ဓာကိုယ်အတွက် စွမ်းအင်ကိုပေးသည်။
၃။ ပရိုတင်းများ။    ။ အသား၊ ငါး၊ ဥအမျိုးမျိုးနှင့် နွားနို့များမှရသော အာဟာရသည်  အသား ဓာတ်ကိုပေးစွမ်းနိုင်သောကြောင့် ခန္ဓာကိုယ်ကြီးထွားမှုအတွက် မရှိမဖြစ်လိုအပ်သော အာဟာရ ဓာတ်ဖြစ်သည်။
၎။ သတ္တုဓာတ်များ။    ။ သစ်သီးအမျိုးမျိုးနှင့် ဟင်းသီးဟင်းရွက်များမှရသော အာဟာရသည် ခန္ဓာကိုယ်ကြီးထွားရေးနှင့် ပျက်စီးသွားသော တစ်ရှူးများကို ပြန်လည်ပြုပြင်ရာတွင် အဓိကလုပ် ဆောင်ပေးသည်။
၅။ ဗီတာမင်များ။    ။ ဗီတာမင်ဓာတ်ကြွယ်ဝသော အစာများမှာလည်း သစ်သီးအမျိုးမျိုးနှင့် ဟင်း သီးဟင်းရွက်များဖြစ်ပြီး ဤအာဟာရသည် ခန္ဓာကိုယ်တွင်း ဖြစ်စဉ်များကို ဟန်ချက်ညီစေရန် ပြုပြင် ထိန်းသိမ်းပေးသည်။
၆။ ရေ။        ။ သောက်ရေ၊ ဖျော်ရည်အမျိုးမျိုးအပြင် သစ်သီးအမျိုးမျိုးနှင့် ဟင်းသီးဟင်းရွက်များမှ ရေဓာတ်ကိုရရှိပြီး ခန္ဓာကိုယ်၏ ပျက်စီးသွားသော တစ်ရှူးများပြင်ဆင်ရေးနှင့် အခြားအစာများ၏ အစာ ခြေစနစ်ကို အထောက်အကူဖြစ်စေသည်။
တစ်ဖြည်းဖြည်းတိုးတက်လာသောခေတ်နှင့်အညီ လူသားတို့စားသုံးသော အစားအစာများကို လည်းနည်းမျိုးစုံဖြင့် ချက်ပြုတ်တတ်လာခြင်းနှင့် ကြာရှည်စွာ သိုလှောင်နိုင်သောနည်းများ၊ လိုအပ်သောအချိန်တွင် အချိန်တိုအတွင်း ချက်ပြုတ်နိုင်ရန် အရောင်အဆင်း၊ အနှံ့အရသာစုံလင်စွာ စီမံထားသော အသင့်စား Ready Made အစာများကို ပြုလုပ်လာ တတ်ကြသည်။ အစာများကို ထိုသို့ပြုလုပ်ခြင်းသည် မူလအစာ၏ အာဟာရဓာတ်အနိတင်ကို လျော့နည်းစေသည်။
အစာသည် ခန္ဓာကိုယ်အတွက် လိုအပ်သော အာဟာရများကို ဖြည့်ဆည်းပေးသဖြင့် ကျန်းမာရေးနှင့် တိုက်ရိုက်ဆက်စပ်နေသည်။ မြန်မာစကားပုံတွင် “ထမင်းအသက်ခုနှစ်ရက်၊ ရေအသက်တစ်မနက်” ဟူ၍ အစာ၏အရေးပါပုံကို ဖော်ညွန်းထားပါသည်။ ၁၉၈၄-၈၅ ခုနှစ်တွင် အာဖရိကနိုင်ငံအချို့သည် မိုးခေါင်ခြင်း၊ ရေရှားခြင်း စသောသဘာဝဘေးဒဏ်ကြောင့် ငတ်မွတ် ခေါင်းပါးခြင်းဖြစ်ကာ ကျန်းမာရေးချို့တဲ့သော ဝေဒနာကိုခံစားကြရသည်။ လူသားတို့ခန္ဓာကိုယ်တွင် သင့်တင့်မျှတသော အာဟာရကို မရရှိပါက နောက်ဆက်တွဲ ဝေဒနာများဖြစ်စေတတ်သည်။ ဥပမာ- နာတာရှည်သွေးအားနည်းခြင်းမှတစ်ဆင့် နှလုံးအားနည်းခြင်းဝေဒနာများကို ခံစားကြရမည့်အပြင် ခုခံအားကျဆင်း၍ အခြားဝေဒနာများ အလွယ်တကူဖြစ်ပွားကာ ဘ၀နိဂုံးချုပ်ကြရသည်အထိဖြစ် နိုင်ပါသည်။ 
သို့သော် အချို့အစားအစာသည် “တန်ဆေးလွန်ဘေး” ဆိုသကဲ့သို့ အစာကိုလွန်ကဲစွာ စားပါက ရောဂါကိုဖိတ်ခေါ်ခြင်းပင်ဖြစ်ပေမည်။ ဥပမာ-သွေးတိုးရောဂါသည် ဆားကိုလွန်ကဲစွာစားပါက တိုက်ရိုက်ဆက်စပ်မှု၏ အကျိုးဆက်ကိုခံစားရမည်ဖြစ်သည်။ နှလုံးသွေးကြောကျဉ်းသောရောဂါကို အခြားအချက်ကြောင့်ဟုဆိုသော်လည်း အဆီအဆိမ့်များသော အစားအစာ၊ ၀က်ဆီနှင့် စားအုန်းဆီ များကိုလွန်စွာစားခြင်းနှင့်လည်း သက်ဆိုင်သည်။ အချိုကိုလွန်စွာ စားခြင်းကြောင့် ဆီးချိုရောဂါကို ဖြစ်စေမည်။ ယခုတိုးတက်နေသောခေတ်တွင် အချို့သောအစားအစာများသည် သဘာဝထက် ကျော်လွန်၍ တာရှည်ခံထိန်းသိမ်းထားနိုင်ရန်နှင့် အရောင်အဆင်းဖြင့်ဆွဲဆောင်မှုရှိစေရန် စီမံပြုလုပ် ထားသော အစားအစာများကို လွန်စွာစားသုံးပါက ယနေ့ခေတ်တွင်ခေတ်စားနေသော ကင်ဆာရောဂါ ဝေဒနာများကို ခံစားရနိုင်သည်။ ထို့ကြောင့် အစာစားရာတွင် ချိင့်ချိန်၍ ရွေးချယ်စားသုံးတတ်ရန် လိုပေမည်။
အစားအစာကို စီးပွားရေးရှုထောင့်မှ လေ့လာပါက  ရှေးဦးပိုင်းတွင် အစာကို ကုန်ကြမ်းအဖြစ် ရောင်းဝယ်ကြပြီး နောက်ပိုင်းတွင် အဆင့်ဆင့်ပြုပြင်စီရင်ပြီး ကုန်ချောအဖြစ် ရောင်းဝယ်လာကြသည်။ အစာကုန်ကြမ်းများကို လယ်၊ ယာ၊ ကိုင်း၊ ကျွန်း၊ ဥယျာဉ်ခြံများ၊ မွေးမြူရေးခြံများ၊ မြစ်ချောင်းအင်းအိုင်၊ ပင်လယ်သမုဒ္ဒရာများမှ ရယူကြရသည်။ ထိုမှတစ်ဆင့်ဈေးကွက်ထဲသို့ တင်ပို့ရောင်းချသည်။ ဈေးထဲ မှအစာသည် ကုန်ကြမ်းအဖြစ် ကျွန်ုပ်တို့ထံရောက်လာသည်။ အချို့စီးပွားရေးသမားများသည် ထိုကုန် ကြမ်းများကိုဝယ်ယူကာ ပြုပြင်စီမံရောစပ်၍ ကုန်ချောအဖြစ်ပြန်လည်ရောင်းချကြသည်။ ထို့ကြောင့် အစာတစ်ခုသည် ကျွန်ုပ်တို့စားသုံးသော စားပွဲပေါ်သို့ရောက်ရန် အဆင့်ပေါင်းများစွာ လက်ပြောင်းမှု ရှိလေသည်။
တိုးတက်နေသော ယနေ့ခေတ်တွင် လူတို့သည် အစာချက်ပြုတ်ရန် အချိန်ကြာမြင့်စွာ မပေး နိုင်ခြင်းကြောင့် ဈေးကွက်ထဲမှ Ready Made အစာများကိုစားသုံးရန်အားသာလာခြင်းနှင့် အရောင်၊ အဆင်း၊ အနှံ့၊ အရသာနှင့် ပြည့်စုံသော အစားအစာများကိုစားသုံးလိုကြသည်။
အစားအစာကိုထုတ်လုပ်သော အချို့စီးပွားရေးသမားများသည်လည်း သဘာဝမှရသော အရောင်အဆင်းထက် ပို၍ဆွဲဆောင်မှုကောင်းသောဓာတုဆိုးဆေးအမျိုးမျိုးကို ထီထွင်အသုံးပြုလာ ခြင်း၊ သဘာဝအရသာထက် ပေးစွမ်းနိုင်သော ဟင်းခတ်အချိုမုန့်ကို အလွန်အကျွံ သုံးစွဲလာခြင်းသည် ကျွန်ုပ်တို့၏ ကျန်းမာရေးကို တစ်စတစ်စ ရောဂါဘယဖြစ်ပွားစေမည်မှာမလွဲပေ။
အစာသည် နိုင်ငံသားများ၏ ၀မ်းရေးဖြစ်သောကြောင့် နိုင်ငံရေးနှင့်လည်းသက်ဆိုင်ပေသည်။ မြန်မာနိုင်ငံကဲ့သို့ ဖွံ့ဖြိုးဆဲနိုင်ငံတွင် စားနပ်ရိက္ခာဖူလုံရန် အထွက်တိုးသီးနှံစိုက်ပျိုးရေး၊ ပိုးမွားနှင့် ရာသီဥတုခံနိုင်ရေးကိုဆောင်ရွက်ကြရသည်။ အစာထုတ်လုပ်မှုနှင့် ရောင်းဝယ်မှုတွင်လည်း အစိုးရ ပါဝင်ရသည်။ အစာထုတ်လုပ်ရာတွင် မသမာသော အစာတုပြုလုပ်မှုများ၊ ကျန်းမာရေးနှင့်မညီသော အစာကိုထုတ်လုပ်ရောင်းချမှုများကို ဥပဒေများပြဋ္ဌာန်းကာ တားမြစ်ကြရသည်။ နိုင်ငံတကာမှ ၀င်လာ  သောအစာများမှ စားသုံးရန်မသင့်လျော်သောအစာများကိုလည်း အချိန်နှင့်တစ်ပြေးညီ တားမြစ်ကြ ရသည်။
ထို့ကြောင့် ကျွန်ုပ်တို့စားသုံးသော အစာသည် ကျွန်ုပ်တို့ခန္ဓာကိုယ်အတွက် အကျိုးရှိစေသော အာဟာရမျိုးကို ရွေးချယ်စားသုံးတတ်ရန် လွန်စွာအရေးပါပေသည်။ အထူးသဖြင့်  စီးပွားဖြစ် ထုတ် လုပ်သော Ready Made အစာထက် သဘာဝမှ တိုက်ရိုက်ရသော အစာများကို တတ်နိုင်သမျှ ရွေးချယ်စားသုံးတတ်ရန် လွန်စွာအရေးကြီးပေသည်။ သို့မှသာ နိုင်ငံသားများ သက်ရှည်ကျန်းမာပြီး မိမိ၏ခန္ဓာဝန်၊ မိမိ၏မိသားစုဝန်နှင့် မိမိ၏တိုင်းပြည်တာဝန်များကို ကောင်းစွာထမ်းဆောင်နိုင်မည် ဖြစ်သည်။

ကိုးကားချက်။    ။ အစာအာဟာရသပ္ပံ (ဦးတိုင်းအုပ်)
နင်ခမ်းကောင်    
ခွန်ဖြားဗွာခမ်း  
                     
                           

ပညာ;ရေ,ခရာ; လိတ်နို,ဆော;တမာ


တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ မေလ (၂၆) ရက်


ပညာ;ရေ,ခရာ; လိတ်နို,ဆော;တမာ





PNO Media

Tuesday, May 24, 2016

ပအိုဝ်းဒေသရှိ ကျောင်းသားမိဘများ၏ သားသမီးပညာရေး အားပေးမှုတွင် မှန်ကန်သည့်နည်းလမ်းများလိုအပ်

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ မေလ (၂၅) ရက်






ပအိုဝ်းလူမျိုးများသည် မြန်မာနိုင်ငံရှိ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီးများတွင် နေထိုင်ကြပြီး အများဆုံးနေထိုင်သည်မှာ ရှမ်းပြည်နယ်ဖြစ်ပါသည်။ ရှမ်းပြည်နယ်တွင် နေထိုင်သည့်ပအိုဝ်းလူမျိုးများသည် ကျန်ဒေသများတွင်နေထိုင်သည့် ပအိုဝ်းလူမျိုးများနှင့် အခြေအနေများ များစွာကွာခြားခဲ့ပါသည်။
ရှမ်းပြည်နယ်ရှိ စနစ်ဆိုးတစ်ခုဖြစ်သည့် ပဒေသရာဇ်စနစ်သည် ပြည်သူလူထုများအပေါ် ရက်စက်ကြမ်းကြုတ်စွာ နည်းမျိုးစုံဖြင့် ဖိနှိပ်အုပ်ချုပ်ခဲ့ပါသည်။ ပဒေသရာဇ်စော်ဘွားများ၏ ဆွေမျိုးများသည် စာသင်ကျောင်းများတွင် ပညာသင်ယူခွင့်ရရှိခဲ့သည်။ သို့သော် ပြည်သူလူထုများသည် ပညာသင်ယူခွင့်မရရှိခဲ့ပေ။ ပအိုဝ်းလူမျိုးများထဲမှ ယောကျာ်းလေးများသည် ပညာသင်ယူနိုင်ရန်အတွက် သာသနာ့ဘောင်ဝင်ရောက်ပြီး ပညာရေးကို ဘုန်းကြီးကျောင်းများတွင် သင်ယူခဲ့ကြရသည်။ သင်ကြားသင်ယူမှုများတွင် လွတ်လပ်စွာ သင်ကြားသင်ယူခွင့်မရရှိဘဲ စော်ဘွားများ၏ ကန့်သတ်ချက်များဖြင့်သာ သင်ကြားသင်ယူခွင့်ရရှိခဲ့သည်။ ထိုကန့်သတ်ချက်များကို ကျော်လွန်ပြီးသင်ကြားပေးပါက စော်ဘွားများမှ သင်ကြားပေးသည့်ပုဂ္ဂိုလ်များကို နယ်နှင်ဒဏ်ပေးခြင်း၊ သင်ကြားသည့်ဘုန်းကြီးကျောင်းကိုလည်း စာပေသင်ကြားခွင့် ပိတ်ပင်ခဲ့ခြင်းကို သမိုင်းစာပေအရ လေ့လာသိရှိခဲ့ရပါသည်။ တစ်ချို့သောပအိုဝ်းလူမျိုးများသည် ရန်ကုန်၊ မန္တလေးနှင့် အခြားမြေပြန့်ဒေသတွင်ရှိသည့် ဘုန်းကြီးကျောင်းများတွင် သွားရောက်၍ ပညာကိုသင်ယူခဲ့ရသည်။ ထို့ကြောင့်မိမိတို့၏သားသမီးများကို ပညာသင်ယူနိုင်ရန် မြေပြန့်ဒေသများသို့ပို့ဆောင်ခဲ့ကြသည်။ ပဒေသရာဇ်စော်ဘွားများ အာဏာစွန့်ပြီးသော်လည်း ဒေသတွင်း၌ ပညာရေးသင်ယူလေ့လာရန် အဆင်ပြေမှုမရှိခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် စာသင်ကျောင်းများမရှိခြင်း၊ ကျောင်းဆရာ/မလုံလောက်မှုမရှိခြင်း တို့ကြောင့်ဖြစ်သည်။
၂၀၁၆-၂၀၁၇ပညာသင်နှစ်အတွက် မကြာမီကာလတွင် စာသင်ကျောင်းများ စတင်ဖွင့်လှစ်တော့မည် ဖြစ်ပါသည်။ မိမိတို့ပအိုဝ်းလူမျိုးများက မိမိတို့၏သားသမီးပညာရေးအတွက် များသောအားဖြင့် မြေပြန့်ဒေသများသို့ ပို့ဆောင်ကြတော့မည်ဖြစ်သည်။ ထိုသို့ပို့ဆောင်ရာတွင် ယောကျာ်းလေးများသာမက မိန်းကလေးများကိုလည်းပို့ဆောင်ကြပါသည်။ ဘော်ဒါဆောင်များမဟုတ်ဘဲ သူများအိမ်တွင် ပို့ဆောင်နေကြသည်အတွက် ကံကောင်းသည့်ကလေးများသည် အိမ်ရှင်ကောင်းများနှင့်တွေ့ဆုံပြီး လွတ်လပ်စွာပညာရေးကို သင်ယူခွင့်ရရှိသော်လည်း ကံမကောင်းသည့် ကလေးများသည် ကံမကောင်းစွာပင် ပညာသင်ယူခွင့်မရရှိဘဲ အိမ်ဖော်အနေဖြင့်သာ နေထိုင်ခဲ့ကြရသည်ကို တွေ့ရှိနေရပါသည်။ ငယ်ရွယ်ချိန်ဖြစ်နေသည့်အတွက် မိခင်ဘာသာစကားသာ နားလည်ပြီး ဘာသာစကားအခက်အခဲများနှင့်လည်း ကြုံတွေ့နေရပါသည်။ တစ်ချို့သောကလေးများသည် မြေပြန့်ဒေသတွင်နေထိုင်ရာ၌ ပျော်ရွင်မှု၊ အဆင်ပြေမှုများ မရှိသည့်အတွက် ပြန်လည်ထွက်ပြေးလာကြသည်။ မြေပြန့်မှတောင်ပေါ်ဒေသဇာတိမြေများသို့ ပြန်လာရန် မသိနားမလည်သောကြောင့် ကလေးပျောက်နေသည့်သတင်းများ အများဆုံးကြားရ၊ တွေ့မြင်နေရသည့်ကာလဖြစ်ပါသည်။  ၂.၅.၂၀၁၅ရက်နေ့တွင် အောင်မင်္ဂလာကားကြီးကွင်း၌ ထွက်ပြေးနေသည့်ကလေးတစ်ဦးကို ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဒဂုံမြို့နယ်တွင်ရှိသည့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ရုံးမှ ရုံးဝန်ထမ်းတစ်ဦးက သွားရောက်ခေါ်ဆောင်ပြီး အကြောင်းအကျိုးမေးမြန်းကာ မိဘရှိရာသို့ ပြန်လည်ပို့ဆောင်ပေးခဲ့သည်။ လွန်ခဲ့သည့်(၁၃.၅.၂၀၁၆)ရက်နေ့တွင်လည်း ကျေးလက်တောရွာမှ ရန်ကုန်သို့ပညာသင်ယူရန် ပို့ဆောင်မည့်ကလေးငယ်တစ်ဦး ထွက်ပြေးနေသည်ကို တောင်ကြီးမြို့၊ မြို့မဈေးတွင် တွေ့ရှိပြီး ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဗဟိုဌာနချုပ်ရုံး၊ တောင်ကြီးမြို့၌ ခေါ်ဆောင်ကာ မိဘရှိရာလိပ်စာရရှိအောင် ကြိုးစားရှာဖွေပြီး ပြန်လည်ပို့ဆောင်ပေးသည့် သတင်းလည်းကြားသိခဲ့ရပါသည်။
ကလေးသူငယ်များသည် ငယ်ရွယ်ချိန်တွင် မိဘနှင့်အတူနေထိုင်ပါက ဥာဏ်ရည်ဖွံ့ဖြိုးမှု ပိုမို၍ကောင်းမွန်သည်ဟု သုတေသနပြုလုပ်မှုတစ်ခုတွင် ဖော်ပြခဲ့သည်ကို တွေ့ရှိခဲ့ပါသည်။ ကလေးများ၏ ပညာရေးကို အားပေးသည့်အတွက် ဂုဏ်ယူစရာဖြစ်သော်လည်း အားပေးမှုသည်မှန်ကန်မှုမရှိပါက အကျိုးရလဒ်ကောင်းရရှိရန် မလွယ်ကူလှပါ။
ယနေ့ခေတ်တွင် မိမိတို့ပအိုဝ်းဒေသများ၌ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၏ ပအိုဝ်းဒေသပညာရေးစီမံချက် အကောင်အထည်ဖော်လာခြင်းကြောင့် ကျေးရွာတိုင်းနီးပါး မူလတန်းကျောင်းများရှိနေပြီးဖြစ်သည်ကို တွေ့ရှိနေရပါသည်။ အလယ်တန်းနှင့်အထက်တန်းအဆင့်အတွက် ပြီးပြည့်စုံမှုမရှိသော်လည်း အဆင်ပြေစွာ လေ့လာသင်ယူနိုင်သည့် အခြေအနေတစ်ရပ်သို့ရောက်ရှိနေပြီဟု မြင်မိပါသည်။ စာသင်ကျောင်းများ အဆင့်အတန်းကွာဟမှုများကြောင့်ဟုဆိုပါက မိမိအနေဖြင့်လည်း ငြင်းဆိုမည်မဟုတ်ပေ။ ငယ်ရွာချိန်မူလတန်းအရွယ်တွင် မိမိတို့ဒေသတွင်း၌ ပညာသင်ယူလေ့လာပါက မိမိတို့ပအိုဝ်းဒေသ၏ ဘာသာစကားများကိုလည်း ပြောဆိုသုံးနှုန်းနိုင်မည်ဖြစ်သကဲ့သို့ မိမိတို့ပအိုဝ်းလူမျိုးများ၏ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းများကိုလည်း သိရှိနားလည်လာမည်ဖြစ်ပါသည်။ 
ဒေသတွင်းရှိမိမိတို့၏ ကလေးများကို မြေပြန့်ဒေသများသို့ပို့ဆောင်နေကြပါက ဒေသတွင်းရှိ စာသင်ကျောင်းများတွင် ကျောင်းသားဦးရေနည်းပါးလာပြီး ဒေသတွင်းစာသင်ကျောင်းများ အဆင့်အတန်းမြင့်မားလာအောင် အကောင်အထည်ဖော်ဆောင်ရွက်ရာတွင်သော်လည်းကောင်း၊ ရေရှည်တည်တံ့အောင် ထိန်းသိမ်းရာတွင်သော်လည်းကောင်း အခွင့်အရေးများ ဆုံးရှုံးနေရပါသည်။ အဘယ်ကြောင့်ဆိုသော် စာသင်ကျောင်းအဆင့်ဆင့်တွင် သတ်မှတ်ထားသည့် ကျောင်းသားဦးရေရှိမှသာ အဆင့်အတန်းတိုးချဲ့နိုင်မည်ဖြစ်သည်။ အကယ်၍ သတ်မှတ်ထားသည့် ကျောင်းသားဦးရေအောက် နည်းပါးနေပါက ရေရှည်တွင် ပြန်လည်ရုပ်သိမ်းမည့် ပြဿနာများနှင့်ရင်ဆိုင်နေရမည်ဖြစ်ပါသည်။
မိမိတို့သားသမီးများ၏ပညာရေးအတွက် မြေပြန့်ဒေသများသို့ ရောက်ရှိနေခြင်းကြောင့် မှတ်ပုံတင်ကိုင်ဆောင်နိုင်ရန် ဆောင်ရွက်ရာတွင် ရောက်ရှိနေသည့်ဒေသမှ မှတ်ပုံတင်ပြုလုပ်ကြသည့်အတွက် မိမိတို့၏ လူမျိုးအမည်၊ မိဘအမည်၊ မိမိအမည်၊ မွေးသက္ကရာဇ် စသည်များကွဲလွဲမှုများရှိလာပါသည်။ ထိုသို့ကွဲလွဲမှုများကြောင့် အလုပ်အကိုင်အခွင့်အရေးများဆုံးရှုံးနေသကဲ့သို့ တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီး တက္ကသိုလ်ပညာရပ်များကို ဆက်လက်လေ့လာရန် အထူးပြုဘာသာရပ်/တက္ကသိုလ်များ ရွေးချယ်ရာတွင်လည်း အခွင့်အရေးများ ဆုံးရှုံးနေမှုများရှိနေသည်ကို တွေ့ရှိနေကြရပါသည်။
ကလေးများပညာရေး သင်ယူလေ့လာချိန်တွင် မိဘနှင့်နီးကပ်စွာ လေ့လာသင်ယူပါက မိဘမေတ္တာများကို နွေးထွေးစွာ ရရှိနေမည်ဖြစ်သည်။ မြေပြန့်ဒေသများသို့ သွားရောက်ပညာသင်ယူနေပါက မိဘမေတ္တာများနှင့်ကင်းကွာပြီး မိဘ၊ ဇာတိရွာများနှင့် သံယောဇဉ်နည်းပါးနေကြမည်ဖြစ်သည်။ ဤသို့သံယောဇဉ်နည်းပါးနေခြင်းကြောင့် မိဘများတွေ့ဆုံလိုစိတ်နည်းပါးသကဲ့သို့ ဇာတိရွာများသို့လည်း ပြန်လည်ရောက်ရှိလိုစိတ် နည်းပါးနေမည်ဖြစ်သည်။ ထိုသို့ဖြစ်နေပါက အိမ်ထောင်ရေးမိသားစုဘ၀ တည်ထောင်ချိန်တွင် လူမျိုးခြား၊ ဘာသာခြားများနှင့် ဖူးစာဆုံတွေ့လွယ်သည့် အခြေအနေများလည်း များစွာတွေ့ရှိနေကြရပါသည်။ ထို့ကြောင့် ဒေသတွင်းကျေးရွာများတွင် ပညာတတ်လူငယ်များ အရင်းအမြစ်ဆုံးရှုံးနေရပြီး မြို့နှင့်ကျေးရွာဖွံ့ဖြိုးရေးကွာဟမှုအခြေအနေများ ပိုမို၍မြင့်မားနေမည်ဖြစ်ပါသည်။ ပညာတတ်မြောက်ပြီး  မိမိတို့ကျေးလက်ဒေသ၏ ဖွံ့ဖြိုးတိုးတက်ရေးတွင် ပြန်လည်အကျိုးပြုသူနည်းပါးနေမည်ဖြစ်ပါသည်။
ပညာရေးသည် ဇာတိကျေးရွာများမှအပ ကျန်ဒေသများသို့ ပညာများလေ့လာဆည်းပူးရန်လည်း လိုအပ်ပါသည်။ သို့သော်မိခင်ဘာသာစကား၊ မိခင်ယဉ်ကျေးမှုဓလေ့ထုံးတမ်းများကို အခြေခံသိရှိပြီးသည့်အရွယ်မှ ဆက်လက်လေ့လာပါက ပိုမို၍ကောင်းမွန်မည်ဟု မြင်မိပါသည်။ မိမိတို့၏သားသမီးများကို အထွေထွေဗဟုသုတများရရှိရန်အတွက် စာအုပ်စာပေဖတ်ရှုသည့် အကျင့်ကောင်းရရှိအောင် ဖန်တီးပေးရန်လိုအပ်လှပါသည်။
ဤသို့ဖြင့် ပဒေသရာဇ်စနစ်ဆိုး၏ ဆိုးကျိုးသက်ရောက်မှုများသည် ယနေ့တိုင်ရှိနေကြောင်းကို သိရှိနားလည်ပြီး မိမိတို့သားသမီးများ၏ပညာရေးအားပေးမှုတွင် နည်းလမ်းမှန်ကန်စွာဖြင့် အားပေးတတ်ရန် ရည်ရွယ်၍ တင်ပြလိုက်ရပါသည်။

ခွန်သွောင်းထို
(ခွန်ဖြားဗွာခမ်း)


အောင်မြင်မှုနှင့်လူသားတိုင်း

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ မေလ (၂၄) ရက်
 

လူသားတိုင်းသည်အောင်မြင်တိုးတက်မှုကို လိုလားကြသူများဖြစ်သည်။ အောင်မြင်မှုရရှိအောင် ကြိုးစားလုပ်ဆောင်ရာတွင် ကွဲပြားခြားနားသည့် နည်းလမ်းအမျိုးမျိုးရှိပါသည်။ ဘ၀တွင် အောင်မြင်မှုရရှိရန် ကံတရားသည် ၃၀ % ရှိပြီး ကျန်ရှိသည့် ၇၀ %သည် မိမိကိုယ်တိုင်ကြိုးစားအားထုတ်မှသာ ရရှိမည်ဖြစ်သည်။ ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိခြင်းသည် အောင်မြင်မှုရရှိရန်အတွက် ပထမဆုံးသော လျှို့ဝှက်ချက်ပင်ဖြစ်ပါသည်။
အခွင့်အလမ်းရသည်နှင့်တစ်ပြိုင်နက် လက်တွေ့လုပ်ဆောင်ခြင်း၊ ငွေကြေးများကြိုးစားရှာဖွေကာ စုဆောင်းပြီး ရင်းနှီးမြုပ်နှံခြင်း၊ မိမိကိုယ်ကိုတိုးတက်အောင် လုပ်ဆောင်ရမည့် နည်းလမ်းများရရှိရန် အစဉ်အမြဲတွေးတော ရှာဖွေတတ်သူများသည် အောင်မြင်မှုကို ရရှိလိုသည့်ပုဂ္ဂိုလ်များဖြစ်သည်။ အခွင့်အရေးရသော်လည်း အကောင်အထည်မဖော်ခြင်း၊ ငွေကြေးအရင်းအနှီးရှိသော်လည်း ရင်းနှီးမြုပ်နှံမှု မလုပ်ခြင်း၊ မိမိကိုယ်ကိုတိုးတက်အောင် လုပ်ဆောင်ရမည့်နည်းလမ်းများရရှိအောင် ရှာဖွေမှုမပြုလုပ်ခြင်း စသည့်ပုဂ္ဂိုလ်များသည် အောင်မြင်မှုရရှိရန် အလှမ်းဝေးနေမည်ဖြစ်သည်။
ကြီးပွားချမ်းသာ အောင်မြင်လိုကြသည့်ပုဂ္ဂိုလ်တိုင်းသည် ကံ၊ ဉာဏ်၊ ၀ီရိယဆိုသည့် အချက်သုံးချက်နှင့် ညီညွတ်မှုရှိရမည်ဖြစ်သည်။ ကံဆိုသည်မှာ အလုပ်ဖြစ်သည်။ အလုပ်မလုပ်ဘဲ ထိုင်နေပါက ဘာမှထူးလာမည်မဟုတ်ပါ။ အလုပ်ဆိုသည်မှာ သူများခိုင်းမှ လုပ်ရသည့်အလုပ်၊ မိမိကိုယ်တိုင်ဦးစီးဦးဆောင်ပြီး လုပ်ရသည့်အလုပ်ရှိပါသေးသည်။ မည်သည့်အလုပ်မျိုးဖြစ်စေ မိမိလက်ရှိဘ၀ကို ပြောင်းလဲနိုင်ရန်အတွက် အလုပ်လုပ်ရမည်ဖြစ်သည်။ မိမိအလုပ်သည် မိမိဘ၀ကို ပြောင်းလဲပေးစေတတ်ပါသည်။
အလုပ်လုပ်ပြီး အလုပ်အပေါ်တွင် ဉာဏ်မပါခဲ့လျှင်လည်း အောင်မြင်မှုရရှိနိုင်ချေနည်းပါးလှပါသည်။ အလုပ်ရာတွင် အလုပ်ကသင်ပေးသွားသည်ဆိုသော်လည်း မတတ်သေးခင်တွင် ကိုယ်မွေးပြာကျသွားနိုင်ပါသည်။ ဆိုလိုသည်မှာ အလုပ်မစတင်မီကတည်းကပင် ဉာဏ်သုံးတတ်ရန်ဖြစ်ပါသည်။ မိမိသည် မည်သည့်အလုပ်မျိုးကို ကျွမ်းကျင်ပိုင်နိုင်သနည်း။ မည်သည့်အလုပ်မျိုးသည် မိမိနှင့် လိုက်ဖက်သင့်တော်မည်နည်း စသည်တို့ကို မိမိအရည်အချင်းများနှင့် ပြန်ဆန်းစစ်တတ်ရန်လိုအပ်သည်။ အလုပ်လုပ်သည့်အခါတွင်လည်း မိမိလုပ်နေသည့်အလုပ်ကို အောင်မြင်ရန်မည်သို့လုပ်ဆောင်မည်နည်း စသည်ဖြင့် နည်းလမ်းများကို အမြဲရှာကြံနေတတ်ခြင်းသည် ဉာဏ်ဟု ခေါ်ပါသည်။  
ဝီရိယသည် ကြိုးစားအားထုတ်မှုဖြစ်ပါသည်။ မိမိအလုပ်တွင် မိမိတိုးတက်နိုင်သည့် နည်းလမ်းများရှာနိုင်ပါသည်။ ဦးဆောင်နိုင်သည်ဆိုသော်လည်း ၀ီရိယအားနည်းနေပါက အောင်မြင်မှုကို မရရှိနိုင်ပေ။ ၀ီရိယသည် အရေးကြီးလှပါသည်။ မည်သည့်နေရာ၊ မည်သည့်အလုပ်မျိုးတွင်မဆို ၀ီရိယအားနည်းနေပါက အောင်မြင်မှုနှင့် ကင်းဝေးနေဦးမည်ဖြစ်ပါသည်။ စီးပွားရှာအလုပ်လုပ်နေသူဖြစ်စေ၊ ပညာရေးလေ့လာဆည်းပူးနေသူဖြစ်စေ ကံ၊ ဉာဏ်၊ ၀ီရိယဆိုသည့်အချက်သုံးချက်နှင့် ညီညွတ်မှသာ အောင်မြင်ကြီးပွားနိုင်မည်ဖြစ်ပါသည်။
အောင်မြင်မှုရရှိနိုင်ရန်အတွက် အလျင်လိုခြင်း၊ မိမိကိုယ်ကိုယုံကြည်မှုကင်းမဲ့ခြင်း၊ အတိတ်ကို ဖက်တွယ်ထားခြင်း၊ အမှားများကိုမပြုပြင်ခြင်း၊ အနာဂတ်ကိုကြိုတင်ကြောက်ရွံ့ခြင်း၊ ပြောင်းလဲမှုများနှင့် လိုက်လျောညီထွေမှုမရှိခြင်း၊ လုပ်နိုင်စွမ်းကိုအရှုံးပေးခြင်း၊ အားနည်းချက်များကို မပြုပြင်ခြင်း၊ ကံကိုယုံ၍ဆူးပုံနှင်းခြင်း၊ ရှုံးနှိမ့်မှုကိုကြိုတင်ကြောက်ရွံ့ခြင်း၊ ဖြစ်နိုင်ခြေများကို ကြိုတင်မှန်းဆမထားခြင်း၊ ရှုံးနိမ့်မည်ဟုသာ ယုံကြည်နေခြင်း၊ အလုပ်ပိခြင်း၊ မိမိပြဿနာကိုသာ အကြီးဆုံးဟု ထင်မှတ်ခြင်း၊ အခက်အခဲကြုံတွေ့သည်နှင့်နောက်ပြန်လှည့်ခြင်း၊ အမြဲလိုလိုအားငယ်နေတတ်ခြင်း စသည့်အချက်များကို ရှောင်ကြဉ်ရန် အထူးလိုအပ်လှပါသည်။
အောင်မြင်သူများသည် စိတ်ကူးအသစ်အဆန်းများကို ပြောဆိုတတ်ကြသည်။ အကြောင်းအရာအသစ်များကို အဆက်မပြတ်သင်ယူလေ့ရှိကြသည်။ တပါးသူကိုအောင်မြင်အောင် ဆွဲခေါ်တတ်ကြသည်။ ပြောင်းလဲမှုများကို လက်ခံကြိုဆိုတတ်ကြသည်။ တပါးသူအား ချီးမွမ်းပြောဆိုရာတွင်လည်း ၀န်မလေးသူများဖြစ်ကြပါသည်။ ဘ၀တွင်အောင်မြင်သည့်လူတစ်ယောက်ဖြစ်ရန် ရှုံးနိမ့်မှုကိုလည်း ခံနိုင်ရည်ရှိရမည်။ အရှုံးများထဲမှ အောင်မြင်မှုအတွက် သင်ခန်းစာများစွာပါဝင်နေသည်။ လူတစ်ယောက်၏ အောင်မြင်မှုရရှိလာချိန်တွင် အကြီးမားဆုံးသော အန္တရာယ်ဖြစ်သည့် ဘ၀မေ့ခြင်းနှင့် မာန်တက်ခြင်းတို့ကို ရှောင်ကြဉ်နိုင်ရန်လည်း အထူးလိုအပ်လှပါသည်။
ထို့ကြောင့်လူသားတိုင်းသည် ကံ၊ ဉာဏ်၊ ၀ီရိယနှင့် ပြင်းထန်သောဆန္ဒဖြင့် တိကျသောရည်မှန်းချက်တို့နှင့် ပြည့်စုံလျှင် မိမိတို့လိုရာအောင်မြင်မှုပန်းတိုင်သို့ ရောက်ရှိ၊ ရရှိနိုင်မည်ဖြစ်ပါတော့သည်။

KAZW

ရှမ်းပြည်နယ်တောင်ပိုင်းရှိ ကျေးလက်လူငယ်များ Mingala Incubation School(MIS) ၏ အလုပ်အကိုင်ရရှိရေးသင်းတန်းလျှောက်လွှာ

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ မေလ (၂၄) ရက်

ရှမ်းပြည်နယ်တောင်ပိုင်းရှိ ကျေးလက်လူငယ်များ Mingala Incubation School(MIS) ၏ အလုပ်အကိုင်ရရှိရေးသင်းတန်းသို့ သင်တန်းလျှောက်လွှာကို အောက်ဖော်ပြပါအတိုင်း လျှောက်ထားနိုင်ပါကြောင်း အသိပေးအပ်ပါသည်။






Sunday, May 22, 2016

ပြောင်းပြန်ဖြစ်နေသည့် ယနေ့ခေတ်မြို့ပေါ်ပညာတတ် ပအိုဝ်းလူငယ်များနှင့် ကျေးလက်တောရွာပအိုဝ်းလူငယ်များ

 တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ မေလ (၂၃) ရက်




                                                                                            
ကမ္ဘာ့နိုင်ငံများတွင် ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်ကို ကျင့်သုံးလာကြသည်နှင့်အမျှ မြန်မာနိုင်ငံသည်လည်း ကိုလိုနီခေတ်၊ ပါလီမန်ဒီမိုကရေစီခေတ်၊ လမ်းစဉ်ပါတီခေတ်၊ စစ်အစိုးခေတ်မှ ပါတီစုံဒီမိုကရေစီအုပ်ချုပ်ရေးစနစ်သို့ ကူးပြောင်းလာနေသည်ကို စာဖတ်သူတိုင်း သိရှိပြီးဖြစ်ပါသည်။
မြန်မာနိုင်ငံတွင် နေထိုင်ကြသည့် တိုင်းရင်းသားညီနောင်များသည်လည်း ခေတ်အဆက်ဆက် အုပ်ချုပ်ရေးစနစ်အမျိုးမျိုးအောက်တွင် ''မဉ်;ထွုမ်,လဲ့ဆာ မဉ်;လျာတဲ့သာ;'' ပအိုဝ်းစကားပုံကဲ့သို့ ကာလ(၁၀)စုနှစ်မြောက်များစွာ ခံစားနေထိုင်ခဲ့ရသည်။ ထိုသို့နေထိုင်ခဲ့ရသော်လည်း ပအိုဝ်းလူမျိုးများသည် ''ပတ္တမြားမှန်က နွံမှာနစ်လည်းမညစ်'' ဟူသောမြန်မာစကားပုံကဲ့သို့ ပအိုဝ်းခေါင်းဆောင်များ၏ ကြိုးစားအားထုတ်မှုနှင့် မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေးစနစ်ပြောင်းလဲလာမှုတို့ကြောင့် လူမျိုး၊ ဒေသအတွက် မြန်မာ့နိုင်ငံရေးဇာတ်ခုံပေါ်တွင် ပအိုဝ်းလူမျိုးများ ၀င်ရောက်လျှောက်လှမ်းလာနေကြောင်းကို စာဖတ်သူတိုင်း သတိထားမိလိမ့်မည်ဟု ယုံကြည်ပါသည်။
၂၀၁၅-ခုနှစ် ရွေးကောက်ပွဲပြီးခါစကာလတွင် လူမှုကွန်ယက်စာမျက်နှာ၌ မြို့ပေါ်ရပ်ကွက်များတွင် နေထိုင်သည့် ပအိုဝ်းလူမျိုးများကို အပြစ်တင်ပြောဆိုနေကြသည့်သတင်းများ ပြန့်နှံ့ခဲ့သည်ကို မိမိအနေဖြင့် ပြန်လည်မြင်ယောင်လာမိပါသည်။
ကျေးလက်တောရွာတွင် နေထိုင်သည့်ပအိုဝ်းလူမျိုးများသည် မျိုးချစ်စိတ်ဓါတ် ပြင်းထန်ကြသည်။ မြို့ပေါ်တွင်နေထိုင်သည့် ပအိုဝ်းလူမျိုးများသည် မျိုးချစ်စိတ်ဓါတ်ရှိကြသော်လည်း ကျေးလက်တောရွာတွင် နေထိုင်သည့်ပအိုဝ်းလူမျိုးများ၏ မျိုးချစ်စိတ်ဓါတ်နှင့်နှိုင်းယှဉ်ပါက များစွာကွာခြားလှသည်ဟု ရွာသားများက ပြောဆိုနေကြသည်။ ထိုသို့ပြောဆိုရခြင်းမှာ မိမိအနေဖြင့်ဖော်ပြရမည်ဆိုပါက မြို့ပေါ်တွင်နေထိုင်သည့် ပအိုဝ်းလူမျိုးများသည် ကျေးလက်တောရွာတွင် နေထိုင်သည့်ပအိုဝ်းလူမျိုးများထက် အဘက်ဘက်မှ အခွင့်အရေး၊ အခွင့်အလမ်းများ ပိုမို၍အခွင့်သာကြသည်ကို စာဖတ်ပရိသတ်များ ငြင်းဆိုလိမ့်မည်ဟု မထင်ပေ။
ကျေးလက်တောရွာများမှ ပအိုဝ်းလူမျိုးများသည် ပညာသင်ယူလိုကြသော်လည်း စာသင်ကျောင်း လုံလောက်စွာမရှိခြင်းသော်လည်းကောင်း၊ စာသင်ကျောင်းရှိပြီး ကျောင်းဆရာ/မများ လုံလောက်စွာ မရှိခြင်းသော်လည်းကောင်း၊ ရှိသည့်ကျောင်းဆရာ/မများလည်း ကျေးလက်တောရွာဒေသများတွင် မပျော်သည့်အတွက် ကျောင်းဖွင့်ချိန်ရောက်သော်လည်း ကျောင်းမဖွင့်နိုင်ခြင်းသော်လည်းကောင်း အခက်အခဲများစွာနှင့် တွေ့ကြုံနေကြရပါသည်။ ဆရာ/မများ ကျေးလက်တောရွာတွင် ပျော်ရွှင်အေးချမ်းစွာ စာသင်ကြားပေးနိုင်ရန် ဆရာ/မများအတွက် ဆန်၊ ဆီ၊ ဆား၊ ထင်း၊ အိမ်ယာ၊ ရေ၊ မီး စသည့်အခြေခံလိုအပ်ချက်များကို လောက်လုံစွာရရှိအောင် အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးကြရပါသည်။ ကျေးလက်တောရွာရှိ ကျောင်းသား/သူများသည် အစိုးရပညာရေးကို ဘွဲ့ရရှိသည်အထိ ထိုကဲ့သို့သော အခက်အခဲများကြားမှ ကြိုးစားသင်ယူလေ့လာခဲ့ကြရပါသည်။
အစိုးရပညာရေးအပြင် ပအိုဝ်းအမျိုးသားစာပေ တတ်မြောက်ရေးအတွက်လည်း တစ်နှစ်တစ်ကြိမ် ရွာအလိုက် ပအိုဝ်းစာပေသင်တန်းအတွက် ငွေကြေးများကုန်ကျခံသကဲ့သို့ အချိန်များလည်းအကုန်ခံပြီး ပအိုဝ်းစာပေများကို လေ့လာသင်ယူကြပါသည်။ ပအိုဝ်းစာပေစာမေးပွဲကို ကျေးရွာအုပ်စုအလိုက် စုပေါင်းပြီး ဖြေဆိုကြသည်။ သင်တန်းအောင်ပွဲတွင်လည်း ရိုးရာယဉ်ကျေးမှုအကများ၊ ပအိုဝ်းတေးသီချင်းအဆိုများ အပါအ၀င် ပြိုင်ပွဲအဖြစ်ကြီးကျယ်ခန့်နားစွာ ထည့်သွင်းကျင်းပကြသေးသည်။ ဤသို့ပွဲများကိုနှစ်စဉ်နှစ်တိုင်း ကျင်းပနေခြင်းကြောင့် စတိတ်စင်များကိုလည်း ရေရှည်အသုံးပြုနိုင်ရန်အတွက် အုတ်များဖြင့် ကြီးကျယ်ခိုင်ခန့်စွာ ပြုလုပ်ထားသေးသည်။
ကျေးလက်တောရွာတွင် နေထိုင်သည့်ပအိုဝ်းလူမျိုးများ၏ ၀တ်စားဆင်ယင်မှုများကို ကြည့်မည်ဆိုလျှင်လည်း ပြောစရာမရှိပါ။ ကျေးလက်တောရွာတွင် နေထိုင်သည့်ပအိုဝ်းလူမျိုးများသည် ၀မ်းစာရှာဖွေစားသောက်ရေးအချိန်များထဲမှ အမျိုးသားရေးအတွက် အချိန်များပေးပြီး စည်းလုံးညီညွတ်စွာဖြင့် ၀ိုင်းဝန်းကာ ပူးပေါင်းဆောင်ရွက်နေကြပါသည်။
မြို့ပေါ်တွင် နေထိုင်သည့်ပအိုဝ်းလူမျိုးသည် လူနေမှုအဆင့်အတန်းမြှင့်မားပြီး စီးပွားရေးတွင်လည်း ပြီးပြည့်စုံကြသည်။ သို့သော် အမျိုးသားရေးလုပ်ငန်းများတွင် ထိရောက်တွင်ကျယ်စွာ ၀င်ရောက်တာဝန်ယူ ဦးဆောင်ပေးခဲ့ပြီလား ဆိုသည့်မေးခွန်းထုတ်စရာရှိလာပါသည်။
မြို့ပေါ်တွင်နေထိုင်သည့်ပအိုဝ်းလူမျိုးများသည် ရွေးကောက်ပွဲမတိုင်ခင် သီတင်းကျွတ်အခါသမယ၌ မြို့ပေါ်ရှိပအိုဝ်းပွဲရုံတစ်ချို့၏ ပွဲစားစကားကို မိမိကြားသိခဲ့ရသည့်အခါ များစွာဝမ်းနည်းခဲ့ပါသည်။ ပြောခဲ့သည့်စကားသည် ''ရွေးကောက်ပွဲနေ့မှာ နဂါးမဲ မထည့်ကြပါနဲ့ နာမည်ကြီးတဲ့ ပါတီကို မဲထည့်ပေးပါ'' ဆိုကာ ကျေးလက်တောရွာတွင် ကျန်ရှိနေသည့်ကုန်စည်ဖောက်သည်များကို ပြောဆိုခဲ့ပါသည်။ တစ်ချို့သောပအိုဝ်းပွဲရုံတွင်လည်း ကျေးလက်တောရွာများမှ ထွက်ရှိလာသည့်ခြံထွက်သီးနှံများကို သွားရောက်ရောင်းချပေးသည့်အခါ ''မဲထည့်တဲ့အခါ နာမည်ကြီးတဲ့ပါတီကိုပဲ မဲထည့်ပေးကြပါ''  ထိုကဲ့သို့လည်း ထပ်မံကြားရခဲ့သေးသည်။ အရောင်းအ၀ယ်ပြုလုပ်နေသည့် မြို့ပေါ်ပအိုဝ်းတစ်ချို့သည်လည်း ''နဂါးမဲထည့်ရင် ဒေသအတွက်ပဲဖြစ်မှာ ငါတို့မြို့အတွက် ဘာလုပ်ပေးနိုင်မှာလဲ'' ဆိုပြီး ပြောဆိုမှုများလည်း ကြားရသည်။
တစ်ချိန်တွင် ကျေးလက်တောရွာမှ ရွာသူကြီးတစ်ဦး ပြောဆိုသည့်စကားကို ပြန်လည် ကြားယောင်မိပါသည်။ ''ငါတို့ရွာဖက်မှာဆို စည်းလုံးညီညွတ်ပြီးသားပါ မြို့ပေါ်မှာရှိတဲ့ပအိုဝ်းတွေကသာ စည်းလုံးညီညွတ်မှုမရှိကြတာ မြို့ပေါ်မှာနေတာ ငါတို့လူမျိုးအတွက် စံပြနာမူနာကောင်းတွေဖြစ်ရမယ်လေ အခုကျတော့ မြို့ပေါ်ကပဲစပြီး ကွဲပြဲနေကြတာ ငါတို့ပအိုဝ်းတွေ ဘယ်လိုလုပ်ပြီး စည်းလုံးမှာလဲ'' ဆိုသည့်စကားသည် သေချာတွေးခေါ်စဉ်းစားကြည့်ပါက အနက်အဓိပ္ပါယ်နက်ရှိုင်းလှပါပေသည်။ ၁၉၅၄-ခုနှစ်၊ ဇွန်လတွင် မြို့ပေါ်တွင်နေထိုင်သည့် ပအမဖအမှုဆောင်များက ပအိုဝ်းအမျိုးသားအစည်းအရုံး(ပအမစ)ကို သီးခြားဖွဲ့စည်းခဲ့ခြင်းကြောင့် ၁၉၅၆-ခုနှစ် ဧပြီလ(၆)ရက်နေ့တွင် ပအိုဝ်းအမတ်ဦးအောင်သာ၊ ဦးပန္တကုံး၊ ဦးချစ်ဖေနှင့် ဦးမောင်ညွန့်တို့ကို မသမာသူလူသတ်သမားများ၏ လုပ်ကြံသတ်ဖြတ်ခြင်းခံခဲ့ရသည်။ ဗိုလ်ဟိန်မောင်၊ ဟိန်ကျန်၊ ဟိန်ပေါင်းစင်ထွန်း စသည့်ခေါင်းဆောင်များလည်း ပျောက်ဆုံးနေခဲ့သည်။ ရွေးကောက်ပွဲတွင်လည်း (ပအမဖ)လွှတ်တော်အမတ် ဦးထွေးလုံ ပင်လောင်းတစ်ဦးသာရရှိခဲ့သည်ကို သမိုင်းစာမျက်နှာအရ လေ့လာသိရှိခဲ့ရပါသည်။
မြို့ပေါ်တွင်နေနိုင်ပြီဆိုကာဖြင့် ကျေးလက်တောရွာလေး၏ အခြေအနေများကို မေ့နေကြပြီလား။ မြို့ပေါ်တွင်နေထိုင်သည့် ပအိုဝ်းလူမျိုးများသည် များသောအားဖြင့် အထည်အလိပ်၊ အ၀တ်အစား၊ စိုက်ပျိုးရေးသုံး ဆေးအမျိုးမျိုး၊ ဓါတ်မြေသြဇာအမျိုးမျိုး၊ ခြံသုံးကိရိယာအမျိုးမျိုး၊ စိုက်ပျိုးရေးမျိုးစေ့အမျိုးမျိုး၊ ရွှေငွေရတနာရောင်းဝယ်ရေး၊ ပွဲရုံလုပ်ငန်း၊ စားသောက်ကုန်အမျိုးမျိုး၊ အလှကုန်အမျိုးမျိုး၊ စာရေးကိရိယာအမျိုးမျိုး၊  အိမ်ဆောက်ပစ္စည်းအမျိုးမျိုး၊ စားသောက်ဆိုင်အမျိုးမျိုး၊ လျှပ်စစ်ပစ္စည်းအမျိုးမျိုး၊ ဖိနပ်အမျိုးမျိုး၊ မီးဖိုဆောင်သုံးပစ္စည်းအမျိုးမျိုး စသည်ဖြင့် စီးပွားရေးလုပ်ငန်းများ များပြားစွာလုပ်ကိုင်မှု ရှိကြပါသည်။
မိမိတို့လုပ်ကိုင်နေသည် စီးပွားရေးလုပ်ငန်းအပေါ်ပြန်လည်သုံးသပ်မိပါက ပအိုဝ်းဝတ်စုံများ၊ စိုက်ပျိုးရေးတွင်သုံးသည့်ဆေးများ၊ ဓါတ်မြေသြဇာအမျိုးမျိုး၊ ခြံသုံးကိရိယာအမျိုးမျိုး၊ ရွှေငွေရတနာအမျိုးမျိုး၊ စားသောက်ဆိုင်အမျိုးမျိုး၊ အလှကုန်ပစ္စည်းအမျိုးမျိုး၊ မျိုးစေ့အမျိုးမျိုး၊ စာရေးကိရိယာအမျိုးမျိုး၊ အိမ်ဆောက်ပစ္စည်းအမျိုးမျိုး၊ လျှပ်စစ်ပစ္စည်းအမျိုးမျိုး၊ ဖိနပ်အမျိုးမျိုး၊ မီးဖိုဆောင်သုံးပစ္စည်းအမျိုးမျိုး စသည့်ကုန်စည်များ၊ စားသောက်ကုန်များကို ၀ယ်ယူအားပေးသည့် ဖောက်သည်အများစုမှာ မည်သူနည်း။ ကျေးလက်တောရွာတွင် နေထိုင်သည့်ပအိုဝ်းလူမျိုးများသည် လိုအပ်သည့်ပစ္စည်းများကို ၀ယ်ယူရန်အတွက် ပအိုဝ်းဈေးဆိုင်များတွင် အားပေးကြပါ ဟူ၍ အချင်းချင်း ဦးစွာမေးမြန်းပြောဆိုကြပါသည်။ ၎င်းကဲ့သို့သော အားပေးမှုများကို မြို့ပေါ်တွင်နေထိုင်သည့် ပအိုဝ်းလူမျိုးများ သိရှိပါသလား စသည့်မေးခွန်းမြောက်များစွာဖြင့် မေးစရာများ များပြားစွာ ပေါ်ပေါက်လာပါသည်။
ပွဲရုံအမျိုးမျိုးတွင် ကျေးလက်တောရွာများမှ ထွက်ရှိလာသည့် ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဂျင်း၊ နနွင်း၊ ပဲစဉ်းငုံ၊ ပဲပုတ်၊ ပြောင်း၊ ပန်းနမ်း၊ ဂျုံ၊ လက်ဖက်ခြောက်၊ သနပ်ဖက်၊ ပဲရာဇာ၊ ကုလားပဲ၊ အာလူး၊ မြေပဲ စသည့် သီးနှံများကို ပွဲရုံမှ သတ်မှတ်ပေးသည့်ဈေးနှုန်းဖြင့်သာ ကျေးလက်တောရွာမှပအိုဝ်းလူမျိုးများ လာရောက်ရောင်းချပေးနေသည်ကိုလည်း သတိရပေးစေလိုပါသည်။
မြို့ပေါ်တွင် နေထိုင်သည့်ပအိုဝ်းလူမျိုးများသည် ကျေးလက်တောရွာမှ ပြောင်းရွေ့ပြီးမြို့ပေါ်တွင် သွားရောက်နေထိုင်သည့် ပအိုဝ်းလူမျိုးများလည်း များစွာရှိပါသည်။ ''ဒေသဖွံ့ဖြိုးတိုးတက်ဖို့ နဂါးကို မဲပေးကြစို့'' ဟူသည့်ဆောင်ပုဒ်ကို လျစ်လျူရှု၍ ပအိုဝ်းနဂါးမဲကို မထည့်ပေးသည့် မြို့ပေါ်တွင်နေထိုင်သည့် ပအိုဝ်းလူမျိုးများအား မိမိအနေဖြင့်အနည်းကျဉ်းပြောပြလိုပါသည်။ ဒေသဖွံ့ဖြိုးမှသာလျှင် ကျေးလက်တောရွာတွင် နေထိုင်သည့်ပအိုဝ်းလူမျိုးများအတွက် စိုက်ပျိုးရေးခြံများမှ ထွက်ရှိလာသည့် ကုန်စည်သီးနှံအမျိုးမျိုးသည် ကုန်ကျစရိတ်သက်သာပြီး ပွဲရုံရှိပွဲစားများထံသို့ ကုန်စည်များ များပြားစွာ ရောင်းချပေးနိုင်မည်ဖြစ်သည်။ ခြံထွက်ကုန်စည်သီးနှံများ များစွာရောင်းချပေးနိုင်မှသာ ပွဲရုံရှိ ပွဲစားများအတွက် စီးပွားရေးဖြစ်ထွန်းသကဲ့သို့ ကျေးလက်တောရွာတွင် နေထိုင်သည့်ပအိုဝ်းလူမျိုးများလည်း ၀င်ငွေပိုမိုရရှိပြီး သားသမီးများ၏ပညာရေးကို ထောက်ပံ့ပေးနိုင်မည်ဖြစ်သည်။ တစ်ဖက်တွင်လည်း ၀င်ငွေပိုမိုရရှိမှသာ မြို့ပေါ်ရှိပအိုဝ်းလူမျိုးများ ရောင်းချနေသည့်ကုန်စည်အမျိုးမျိုးကို ပြန်လည် ၀ယ်ယူအားပေးနိုင်မည်ဖြစ်သည်။ သို့မှသာ မြို့ပေါ်တွင် နေထိုင်သည့်ပအိုဝ်းလူမျိုးများလည်း ကုန်စည်ရောင်းအားတက်ပြီး စီးပွားရေးဖြစ်ထွန်းလာမည်ဖြစ်သည်။ ထိုသို့သော ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့ပေါ်တွင်နေထိုင်သည့် ပအိုဝ်းလူမျိုးများနှင့်လည်း ပါဝင်ဆောင်ရွက်ရန်လိုအပ်မည်ဟု မိမိအနေဖြင့် ထင်မြင်မိပါသည်။
မြို့ပေါ်တွင်နေထိုင်သည့်ပုဂ္ဂိုလ်များသည် မဲပေးနိုင်ရန်အတွက် မဲပေးပုံပေးနည်းသင်တန်းများ ဖွင့်လှစ်သင်ကြားပေးရန် လိုအပ်တော့မည်မထင်ပေ။ အဘယ်ကြောင့်ဆိုသော် မြို့ပေါ်တွင် စာစောင်၊ ဂျာနယ်၊ ရုပ်မြင်သံကြားများမှ သတင်းအချက်အလက်များ နေ့စဉ်နှင့်အမျှ ကြားသိနေရပါသည်။ ပညာရေး အခြေခံလည်းမြင့်မားနေသည့်အတွက် မဲပေးနိုင်ရန် အခက်အခဲရှိနိုင်မည်မဟုတ်ပါ။ ကျေးလက်တောရွာတွင် နေထိုင်သည့်ပုဂ္ဂိုလ်များသည် မြို့ပေါ်တွင်နေထိုင်သည့်ပုဂ္ဂိုလ်များနှင့်မတူနိုင်ပါ။ စာစောင်၊ ဂျာနယ်၊ ရုပ်မြင်သံကြားများမှ သတင်းအချက်အလက်များလည်း အချိန်နှင့်တပြေးညီ မရရှိနိုင်ပါ။ ထို့ကြောင့် မျိုးချစ်လူငယ်များက ဦးစီးဦးဆောင်ပြီး ရွေးကောက်ပွဲနေ့တွင်မဲပေးနိုင်ရန် မဲပေးခြင်းသင်တန်းများကို ရွာတိုင်းတွင် အချိန်ပေးပြီးလေ့ကျင့်ပေးနေရပါသည်။ ဤကဲ့သို့လေ့ကျင့်ပေးခဲ့ခြင်းကြောင့် ရွေးကောက်ပွဲနေ့တွင် ကျေးလက်တောရွာများတွင် မဲရုံတိုင်းနီးပါး နဂါးမဲ အပြတ်အသတ် အနိုင်ရရှိခဲ့ကြပါသည်။ သို့သော် မြို့ပေါ်ရပ်ကွက်များတွင် နဂါးမဲ အပြတ်အသတ်ရှုံးနေသည်ကို မဲစာရင်းများအရတွေ့ရှိခဲ့ရပါသည်။
၂၀၁၅-ခုနှစ်ရွေးကောက်ပွဲတွင် တောင်ကြီးမြို့နယ် ပြည်သူ့လွှတ်တော် နဂါးမဲ ၆၃၀ မဲဖြင့် လျော့နည်းကာ လွှတ်တော်အတွင်းမှ ပအိုဝ်းအမျိုးသားတာဝန်ထမ်းဆောင်ပေးရန် လွှတ်တော်အမတ်(၁)ဦး လျော့နည်းခဲ့ရပါသည်။ မြို့ပေါ်တွင်နေထိုင်သည့် ပအိုဝ်းလူမျိုးများအနေဖြင့် ကျေးလက်တောရွာတွင် နေထိုင်လုပ်ကိုင်သည့်ပအိုဝ်းလူမျိုးများကို ကိုယ်ချင်းစာစိတ်၊ သနားညှာတာစိတ်၊ မျိုးချစ်စိတ်ဖြင့် ပြန်လည်ပြီး လှည့်ကြည့်လက်တွဲခေါ် ဦးဆောင်သင့်ပါသည်။
ဝတ်စားဆင်ယင်မှုတွင်လည်း မြို့ပေါ်တွင်နေထိုင်သည့်ပအိုဝ်းလူမျိုးများသည် ပအိုဝ်းဝတ်စုံများကို ၀တ်ဆင်မှသာ တခြားသောညီနောင်တိုင်းရင်းသားလူမျိုးများက ပအိုဝ်းလူမျိုးများ၏ ၀တ်စားဆင်ယင်မှု များကို သိရှိလာမည်ဖြစ်သည်။ ပအိုဝ်းအချင်းချင်းစကားပြောဆိုဆက်ဆံသည့်အခါတွင်လည်း ပအိုဝ်း ဘာသာစကားဖြင့်ပြောဆိုမှသာလျှင် ပအိုဝ်းလူမျိုးတို့၏ ဘာသာစကားသည်လည်း လူသိများလာမည် ဖြစ်ပါသည်။ စာပေသည်လည်း လွန်စွာအရေးကြီးသည့် အမျိုးသားရေးလက္ခဏာတစ်ရပ်ဖြစ်ပါသည်။ မြို့ပေါ်တွင်နေထိုင်သည့် ပအိုဝ်းလူမျိုးများသည် ပအိုဝ်းစာပေကို တတ်ကျွမ်းစွာ သင်ယူသုံးစွဲမှသာလျှင် ပအိုဝ်းလူမျိုးတို့၏ စာပေများသည် ပြန့်ပွားမှုအားကောင်းလာမည်ဖြစ်သည်။ မြို့ပေါ်တွင်နေထိုင်သည့် ပအိုဝ်းလူမျိုးများသည် လက်ရှိအချိန်အထိ ပအိုဝ်းစာပေကို ဘယ်လောက်ထိ သင်ယူလေ့လာခဲ့ပြီးပြီလဲ၊ ပအိုဝ်းဘာသာစကားများကိုလည်း ဘယ်လောက်ထိ ပြောဆိုနေသေးလဲ ဆိုသည့်မေးခွန်းလည်းမေးစရာ ထပ်ဖြစ်လာပြန်ပါသည်။
တက္ကသိုလ်များတွင် ပအိုဝ်းကျောင်းသူ/သားများ၏ လှုပ်ရှားမှုများတွင်လည်း မြို့ပေါ်တွင် နေထိုင်သည့်ပအိုဝ်းလူမျိုး၏ သား/သမီးများသည် ဦးဆောင်မှုအားနည်းသကဲ့သို့ ပူးပေါင်းပါဝင်မှု၊ အားပေးမှုတွင်လည်းအားနည်းသည်ကို မိမိကျောင်းသားဘ၀တွင် တွေ့မြင်သိရှိခဲ့ရပါသည်။ ပညာတတ်ပြီး အစိုးရဌာနများတွင် ၀င်ရောက်တာဝန်ထမ်းဆောင်ခြင်းလည်း နည်းပါးနေသည်ကို တွေ့မြင်နေရပါသည်။
အိမ်ထောင်ပြု မိသားစုဘ၀တည်ထောင်ရန် အသက်အရွယ်ရောက်ရှိလာသည့်အခါတွင် ကျေးလက်တောရွာတွင် နေထိုင်သည့်ပအိုဝ်းလူမျိုးများသည် လူမျိုးအချင်းချင်း ပြန်လည်လက်ထပ် ကြသည်မှာ ရာနှုန်းပြည့်နီးပါးဖြစ်ပါသည်။ မြို့ပေါ်တွင်နေထိုင်သည့် ပအိုဝ်းလူမျိုးများ၏ ပညာတတ် သား/သမီးများသည် ပအိုဝ်းလူမျိုးများအချင်းချင်း တူညီသည့်ပညာအရည်အချင်း၊ တူညီသည့်လူနေမှု အဆင့်အတန်း၊ တူညီသည့်ဂုဏ်ပကာသန မရှိကြသည့်အတွက်ကြောင့် လူမျိုးခြားနှင့်သာ များစွာ ဖူးစာတွေ့ဆုံသွားကြရသည်ဟု မိမိထင်မြင်မိပါသည်။
ပအိုဝ်းအမျိုးသားအဖွဲ့အစည်းများဖြစ်သည့် နိုင်ငံရေးအဖွဲ့အစည်းများ၊ လက်နက်ကိုင်အဖွဲ့အစည်းများ၊ လူမှုရေးအဖွဲ့အစည်းများတွင် ၀င်ရောက်တာဝန်ထမ်းဆောင်နေသည့် လူငယ်များကိုလေ့လာကြည့်ပါက များသောအားဖြင့် ကျေးလက်တောရွာများမှ လူငယ်များသာ ၀င်ရောက်တာဝန်ထမ်းဆောင်နေကြပြီး မြို့ပေါ်ရှိပအိုဝ်းလူမျိုးများ၏ ပညာတတ်သား/သမီးများသည် အမျိုးသားရေးလုပ်ငန်းများတွင် ၀င်ရောက်တာဝန်ယူဆောင်ရွက်မှု မရှိသလောက်ရှားနေသည်ကို မိမိအနေဖြင့် သတိထားမိပါသည်။ ၂၀၁၅ရွေးကောက်ပွဲကာလတွင် မြို့ပေါ်ရှိမဲရုံများ၌ မြို့ပေါ်ရှိ ပညာတတ်လူငယ်များ စောင့်ကြည့်မည့်ပုဂ္ဂိုလ်များမရှိသည့်အတွက် ကျေးလက်တောရွာများမှ မြို့ပေါ်အထိ မဲရုံစောင့်အဖြစ် တက်ရောက်တာဝန်ယူဆောင်ရွက်ပေးရသည့် သာဓကများလည်း ရှိခဲ့ပါသေးသည်။ လက်ရှိဦးဆောင်နေသည့် အသက်ကြီးပိုင်းပုဂ္ဂိုလ်များတွင် မြို့ပေါ်ရှိပအိုဝ်းလူမျိုးများ များပြားစွာ ပါဝင်ဦးဆောင်သော်လည်း အနာဂတ်အတွက် ဆက်လက်လုပ်ဆောင်အကောင်အထည်ဖော် ဆောင်ရွက်ရမည့် အမျိုးသားရေးတာဝန်များကို မြို့ပေါ်ရှိပအိုဝ်းလူမျိုးများ၏ သား/သမီးပညာတတ်များ ၀င်ရောက်တာဝန်ယူဦးဆောင်မှု အားနည်းနေပါက အနာဂတ်ပအိုဝ်းလူမျိုးများအတွက် လူ့စွမ်းအားအရင်းအမြစ်များ ဆုံးရှုံးနေရသည်ဟု မိမိအနေဖြင့် ၀မ်းနည်းစွာ ခံစားနေရပါသည်။
ထို့ကြောင့် အမျိုးသားရေးအတွက် မြို့ပေါ်တွင်နေထိုင်သည့် ပအိုဝ်းလူမျိုးများ၏ ပညာတတ် သား/သမီးလူငယ်များသည် အမျိုးသားအဖွဲ့အစည်းများတွင်သော်လည်းကောင်း၊ အစိုးရဌာနများတွင် သော်လည်းကောင်း ၀င်ရောက်တာဝန်ထမ်းဆောင်ပြီး ကျေးလက်တောရွာတွင် နေထိုင်သည့် ပအိုဝ်းလူမျိုးများ၏ သား/သမီးလူငယ်များအတွက် စည်းလုံးညီညွတ်စွာဖြင့် စံပြနမူနာကောင်းများအဖြစ် ၀င်ရောက်ဦးဆောင်ပေးရန် လေးနက်စွာ တိုက်တွန်းရေးသားတင်ပြလိုက်ရပါသည်။
 
ခွန်သွောင်းထို(ခွန်ဖြားဗွာခမ်း)

Saturday, May 21, 2016

ကျန်းမာခြင်းအစ အိမ်တွင်းမှ

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ မေလ (၂၁) ရက်



အိမ်ထောင်စုတိုင်းအတွက် စိတ်ချမ်းသာလူကျန်းမာဖြစ်ရေးတွင် မိမိတို့ နေထိုင်ရာအိမ်နှင့် ပတ်သက်သည့် အခြေအနေအားလုံးသည် အဓိကအရေးပါအရာရောက်သော အခန်းကဏ္ဍတစ်ရပ်မှ ပါဝင်နေသည်။ ထို့ကြောင့်လည်း ၁၉၇၃ ခုနှစ်တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက “ကျန်းမာခြင်းအစ အိမ်တွင်းမှ”ဆိုသည့် အရေးပါလှသော ကျန်းမာရေးဆောင်ပုဒ်တစ်ခုကို ဖော်ထုတ်သတ်မှတ်ခဲ့ပေသည်။
မိမိတို့ အိမ်အသီးသီးတွင် မှီတင်းနေထိုင်ကြသော လူသားတိုင်းကျန်းမာပျော်ရွှင်စွာရှိမှသာလျှင် ရပ်ကွက်၊ မြို့ရွာ၊ တိုင်းပြည် အဆင့်ဆင့်၏ ကျန်းမာမှုတိုးတက်လာပေမည်။ အိမ်သားတိုင်းအတွက် လူကျန်းမာ စိတ်ချမ်းသာဖြစ်စေရန် အဓိကအရေးကြီးသော အခြေခံအချက်မှာ ကျန်းမာရေးနှင့် ညီညွတ်သော အိမ်ရှိမှုနှင့် ကျန်းမာရေးနှင့် ညီညွတ်သော အိမ်တွင်းနေထိုင်မှုပင် ဖြစ်ပေသည်။ အိမ်သည် လူတိုင်း၏ ကျန်းမာရေးအတွက် အရေးကြီးလှကြောင်း ယခုခေတ် ဆေးပညာ အယူအဆသစ်အဖြစ် လက်ခံလာကြသည်။
ဖွံ့ဖြိုးပြီးနိုင်ငံများတွင် မြို့၊ ရွာ နေအိမ်အဆောက်အဦးများကို သန့်ရှင်းသပ်ရပ်စေရန်အတွက် စနစ်တကျ တည်ဆောက်လာနိုင်ခြင်း၊ လူအများစုကလည်း မိမိတို့ နေထိုင်ရာ အဆောက်အဦးများတွင် ကျန်းမာရေးနှင့် ညီညွတ်စေရန် ပြုပြင်ဖန်တီး ကျန်းမာရေးအသိရှိရှိဖြင့် နေထိုင်တတ်ကြခြင်းတို့ကြောင့် ယခင်က ဖြစ်ပွားခဲ့သော ကူးစက်ရောဂါများသည် ယခုအခါ အလွန်နည်းပါးသွားပြီဖြစ်သည်။ ကျွန်ုပ်တို့ နိုင်ငံကဲ့သို့ ဖွံ့ဖြိုးဆဲနိုင်ငံများအနေနှင့် မိမိတို့၏ လူမှုစီးပွားရေး အခြေအနေအရ လက်ရှိအဆောက်အဦးများ တွင်ပင် ကျန်းမာရေးနှင့်ညီညွတ်မှုရှိစေရန် အဖြစ်နိုင်ဆုံးသောပြုပြင်နေထိုင်ရေးဆိုင်ရာ နည်းလမ်းများကို တင်ပြလိုပါသည်။
ကျန်းမာရေးနှင့် ညီညွတ်သောအိမ်
အိမ်ကြီးအိမ်ကောင်းဖြစ်တိုင်းလည်း ကျန်းမာရေးနှင့် ညီညွတ်သည်ဟု မဆိုသာပေ။ ကျန်းမာရေးနှင့် ညီညွတ်သောအိမ်တွင် နေထိုင်မှု၏ အခြေခံရည်ရွယ်ချက်များမှာ-
၁။ အိမ်တွင်နေထိုင်သူတို့၏ ကိုယ်ကာယကျန်းမာရေးအတွက် လိုအပ်ချက်များ ဖြည့်စွက်ပေးနိုင်ရန်။
၂။ အိမ်တွင် နေထိုင်သူတို့၏ စိတ်ချမ်းသာပျော်ရွှင်မှုအတွက် လိုအပ်ချက်များ ရရှိစေရန်။
၃။ ကူးစက်ပြန့်ပွားတတ်သော ရောဂါများမှ ကာကွယ်ပေးရန်။
၎။ အိမ်တွင် မတော်တဆအန္တရာယ်များဖြစ်ပွားခြင်းမှ ကာကွယ်ပေးနိုင်ရန် တို့ ဖြစ်ပေသည်။
ကျန်းမာရေးနှင့် ညီညွတ်သော အိမ်ဖြစ်ရန် အောက်ဖော်ပြပါအချက်များနှင့် ပြည့်စုံရန်လိုအပ်သည်။
အိမ်တည်နေရာ။        ။ အိမ်၏တည်နေရာနှင့် ပတ်သက်၍ အိမ်အသစ်တွင် နေထိုင်မည့်သူများအတွက် အဓိကရည်ညွှန်းပြဆိုရသော အိမ်ဆောက်မည့် မြေနေရာသည် ပတ်ဝန်းကျင်တစ်ဝိုက်ထက် အနည်းငယ်မြင့်ကာ မိုးရေများဝပ်မနေပဲ အမြန်စီးဆင်းသွားနိုင်ရမည်။ သဲမြေ၊ ရွှံ့မြေများ မဖြစ်သင့်။ လေကောင်းလေသန့်၊ အလင်းရောင်၊ နေရောင်ခြည်တို့ ကောင်းစွာရရှိသင့်သည်။ လူနေထူထပ်၍ ယာဉ်အသွားအလာ ရှုပ်ထွေးသောနေရာ၊ စက်ရုံ၊ အလုပ်ရုံ၊ မြင်းဇောင်း၊ နွားခြံ စသည်တို့နှင့် ကပ်လျက်မဖြစ်သင့်ပါ။ အေးချမ်းတိတ်ဆိတ်သော အရပ်ဖြစ်နိုင်လျှင် ပို၍ကောင်းသည်။
ဝင်းခြံနှင့် အိမ်ဝင်းအတွင်းအခြေအနေ။    ။ အိမ်ဝင်းရှိသော အိမ်များတွင် အကာအရံ အတားအဆီးအဖြစ် ၀င်းခြံကို ခတ်သင့်သည်။ ကာယကျန်းမာမှုအတွက် အထူးမလိုအပ်လှသော်လည်း စိတ်ချမ်းသာရေးအတွက် အိမ်၏လုံခြုံမှုကို ပေးပေမည်။ မည်သည့်နည်းဖြင့် ကာရံစေကာမူ လုံခြုံမှုရှိရန်နှင့် သန့်ရှင်း သပ်ရပ်ရန်သာ လိုအပ်သည်။ ဤအချက်ကို အရေးမကြီးဟု ထင်ရသော်လည်း နေရာအနှံ့တွင် ၀င်းခြံ မရှိသောအိမ်များ၊ ရှုပ်ထွေးဆက်စပ်လျက် မလုံခြုံသော ၀င်းခြံများကို တွေ့နေရပေသည်။
အိမ်ဝင်းအတွင်း သန့်ရှင်းသပ်ရပ်နေစေရမည်။ မလိုအပ်သော မြက်ပင် ပေါင်းပင်များကို ဖယ်ရှားပစ်ရမည်။ မြေပြင်သည် သန့်ရှင်းပြီး ရေဗွက်၊ ရေအိုင်များ မရှိသင့်ပါ။ ရှင်းလင်းနေလျှင် မြွှေများ၊ ကင်းများ မခိုအောင်းနိုင်သဖြင့် ၎င်းတို့၏ရန်မှ ကင်းဝေးစေနိုင်သည်။ ကျွန်ုပ်တို့နိုင်ငံတွင် နှစ်စဉ် လူ၅၀၀၀ခန့် မြွေကိုက်ခံရ၍ လူ ၃၀၀ မှ လူ ၅၀၀ အတွင်း နှစ်စဉ်အသက်ဆုံးရှုံးရသည်။ ကမ္ဘာပေါ်တွင် မြွေကိုက်ခံရနှုန်း အများဆုံးနိုင်ငံများတွင် ကျွန်ုပ်တို့နိုင်ငံပါဝင်နေသခြင့် မြွှေအန္တရာယ်ကိုလည်း သတိပြုသင့်သည်။
ခြင်သည် ငှက်ဖျားရောဂါ၊ သွေးလွန်တုပ်ကွေးရောဂါ၊ ဆင်ခြေထောက်ရောဂါတို့ကို ကူးစက်ပြန့်ပွားစေသည်။ ၎င်းရောဂါများရစေသော ခြင်အမျိုးအစားအလိုက် ရေအမျိုးမျိုးကို ကွဲပြားခြားနားစွာ ကြိုက်နှစ်သက်ကြသော်လည်း ၎င်းတို့ပေါက်ပွားရန် အဓိကအချက်မှာ ရေရှိရေးသာဖြစ်သည်။ ထို့ကြောင့် ခြင်အန္တရာယ်မှ ကင်းဝေးစေရန် အိမ်သုံး ရေအိုးရေစည်များ အဖုံးကို လုံအောင်အမြဲပိတ်ထားပါ။ ရေမကြာခဏ လဲလှယ်ပေးပါ။ ဘုရားပန်းအိုးများကို နေ့စဉ်ရေလဲပေးပါ။ အိမ်ဝင်းအတွင်းရှိ ရေဗွက်ရေအိုင်များ အားလုံးကို ဖို့ပစ်ပါ။ မိုးရွာပြီး ရေများပြင်ပသို့ ကောင်းစွာ စီးဆင်းသွားနိုင်ရန် လိုအပ်လျှင် ရေမြောင်းများ ဖောက်ပေးပါ။
အိမ်ဝင်းအတွင်း မတော်တဆ အန္တရာယ်များ ပေးတတ်သော သစ်တိုသစ်စများ၊ သံတိုသံစများ၊ ကျောက်တုံးကျောက်ခဲများကို နေရာတကျ အန္တရာယ်ကင်းစွာထားရမည်။ ယင်းတို့ကြောင့် ထိခိုက်ဒဏ်ရာရကာ သာမန်အနာများမှ သံစူး၍ မေးခိုင်ရောဂါပိုးဝင်ပြီး အသက်အန္တရာယ်အထိ ဖြစ်စေနိုင်သည်။
အိမ်အဆောက်အဦး။    ။ တိုက်အိမ်၊ သစ်သားအိမ်မှ ကျန်းမာရေးနှင့် ညီညွတ်သည် မဟုတ်ပါ။ တိုက်ရိုက်နေရောင်ခြည် (သို့မဟုတ်) နေ၏ အလင်းရောင်နှင့် လေကောင်းလေသန့်ရရန်၊ လေ၀င်လေထွက် ကောင်းရန်၊ အခန်းတိုင်းတွင် ပြူတင်းပေါက်များ လုံလောက်စွာရှိသင့်သည်။ ပြူတင်းပေါက်များကိုလည်း နေ့အချိန်တွင် အမြဲဖွင့်ထားသင့်သည်။ မတော်တဆ အန္တရာယ်မဖြစ်စေရန် အိမ်ဆောက်အဦးသည် အသင့်အတင့်  ခိုင်ခန့်စေရမည်။ အိမ်သည် ကျဉ်းသည်ဖြစ်စေ၊ ကျယ်သည်ဖြစ်စေ အိပ်သည့်နေရော၊ ဧည့်ခန်းနှင့် မီးဖိုချောင်တို့ကို သပ်သပ်စီခွဲထားနိုင်လျှင် ကောင်းပါသည်။ သို့မှသာ သူ့နေရာနှင့်သူ သန့်သန့်ရှင်းရှင်းရှိပေမည်။
အိမ်တွင်းအခြေအနေ။    ။ အထက်ဖော်ပြခဲ့သည့်အတိုင်း ကျန်းမာရေးနှင့်ညီညွတ်သည့်ကောင်းမွန်ပြည့်စုံသော အိမ်တစ်ဆောင်တွင် လူတိုင်းမနေနိုင်သော်လည်း လက်ရှိနေထိုင်ရာအိမ်ပေါ်တွင် အတတ်နိုင်ဆုံး ကျန်းမာရေးနှင့်အညီ နေထိုင်ရန်ကိုမူ လူတိုင်း လိုက်နာဆောင်ရွက်နိုင်ပါသည်။ အိမ်တွင်းရှိ ပစ္စည်းများကို သန့်ရှင်းသပ်ရပ်စွာထားပါ။ ပစ္စည်းများ ရှုပ်ထွေးပြန့်ကြဲနေလျှင် ကြွက်၊ ပိုးဟပ်နှင့် ခြင်တို့ ခိုအောင်းစရာနေရာ ဖန်တီးပေးထားသကဲ့သို့ ရှိပေမည်။ ကြွက်သည် လူ့အသုံးအဆောင်များကို ကိုက်ဖြတ်ဖျက်ဆီးသည်သာမက ပလိပ်ရောဂါ၊ အစာအဆိပ်သင့်ရောဂါ၊ အသားဝါ၊ အညစ်အကြေး၊ ပုပ်သိုးနေသော စားကြွင်းစားကျန်တို့နှင့် လူ့အစားအစာများအကြား ကူးလူးစားသောက်နေထိုင်လေ့ရှိသည်။
မီးဖိုချောင်သည် ကျန်းမာရေး ရှုဒေါင့်မှကြည့်လျှင် အိမ်တွင် သန့်ရှင်းသပ်ရပ်မှုအရှိဆုံးနေရာ ဖြစ်သင့် သော်လည်း များသောအားဖြင့် အညစ်ပတ်ဆုံးသောနေရာဖြစ်နေတတ်သည်။ မီးဖိုချောင်သုံး ပစ္စည်းများကို အသုံးပြုပြီးပါက ဆေးကြောပြီး သန့်ရှင်းသပ်ရပ်စွာ စီထားပါ။ စားကြွင်းစားကျန်ဟူ၍ ထမင်းတစ်စေ့ ဟင်းတဖတ်မျှပင် မီးဖိုချောင်အတွင်း မကျန်စေရန် အမြဲရှင်းလင်းထားပါ။
သောက်ရေသုံးရေ။    ။ မသန့်ရှင်းသောရေကို သောက်သုံးပါက ရောဂါမျိုးမျိုး ကူးစက်စေနိုင်ကြောင်းကို လူတိုင်း သိရှိပြီးဖြစ်ပါသည်။  ကျန်းမာရေးနှင့် ညီညွတ်သော ရေကောင်းရေသန့်ရရှိစေရန် ရေသန့်စင်သော နည်းလမ်းများအနက် လွယ်ကူ၍ လူသုံးများသော နည်းလမ်းများကို ဖော်ပြလိုက်ရပေသည်။
၁။ ရေကန်တွင်ကြာမြင့်စွာ သိုလှောင်ထားခြင်း၊ အနည်ထိုင်စေခြင်း။
၂။ ရေပန်းစနစ်၊ (ရေကူးကန်မှရေကို သန့်ရှင်းစေ၍ ရေပန်းဖြင့်ရေကို လေနှင့် ကောင်းစွာထိတွေ့စေသည်)
၃။ ရေစစ်ခြင်း၊ (၎င်းတွင်သဲရေစစ်ကန် အမျိုးမျိုးကို အသုံးပြုကြသည်)။
၎။ ကျိုချက်ခြင်း၊ (အလွန်လွယ်ကူ၍ အကျိုးရှိသောနည်းဖြစ်သည်)။
၅။ ခရမ်းဘေးရောင်ခြည်နှင့် ထိတွေ့စေခြင်း၊(ဤနည်းသည်အကုန်အကျများစေသည်)။
၆။ ပိုးသတ်ဆေးဖြင့်ရောဂါပိုးများသေစေခြင်း၊ (ကျွန်ုပ်တို့နိုင်ငံကဲ့သို့ ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် သင့်လျော်သည်)။
ကျန်းမာရေးအတွက် စံချိန်မီ ရေကောင်းရေသန့်စစ်စစ် ရရှိရန်မှာ မလွယ်ကူလှပါ။ မိမိတို့ နေရာဒေသအလိုက် အဆင်ပြေဆုံး၊ အကောင်းဆုံးစီစဉ်ခြင်းဖြင့် သန့်ရှင်းသောသောက်ရေရရှိရန် ဆောင်ရွက် သင့်လေသည်။
မြို့ကြီးများတွင်လည်း အတတ်နိုင်ဆုံးဖြင့် အသန့်ရှင်းဆုံးရေဖြစ်စေရန် ကြိုးစားသန့်စင် ပေးလျက်ရှိသည်။ သို့သော် ယင်းသို့ ဆောင်ရွက်ဖြန့်ဖြူးသောရေတိုင်းသည် လုံးဝအပြစ်ကင်းလှပြီဟုလည်း မဆိုနိုင်ပေ။ ရရှိသော ရေကို ထပ်မံကျိုချက်၍သောက်သုံးနိုင်လျှင် အကောင်းဆုံးဖြစ်ပေသည်။ ဤနေရောတွင် မြန်မာလူမျိုးတို့ ရှေးရိုးစဉ်လာကတည်းကပါလာသော ရေနွေးကြမ်းသောက်ခြင်း အလေ့အထသည် ကျန်းမာရေး အတွက် အလေ့အကျင့်ကောင်းတစ်ရပ်ဖြစ်သည်။
သို့ဖြစ်ရာ “သောက်ရေသန့်ရှင်း ရောဂါကင်း”ကြစေရန်အတွက် မိမိနေရာဒေသအလျောက် ရနိုင်သောရေကို ကျန်းမာရေးနှင့် အညီညွှတ်ဆုံးဖြစ်စေပြီးမှ သောက်သုံးကြရန် အထူးလိုအပ်လှပေသည်။
အိမ်သာ။    ။ အိမ်တိုင်းအတွက် အိမ်သာသည် မရှိမဖြစ်သောအရာဖြစ်ပါသည်။ ကျန်းမာရေးနှင့် ညီညွတ်စေရန် မည်သည့်အိမ်သာအမျိုးအစားပင်ဖြစ်စေကာမူ အဓိကအချက်မှာ မစင်နှင့် ယင်ကောင်မတွေ့ စေရေး၊ အနံ့အသက်ကင်းစင်စေရေးတို့ဖြစ်သည်။ ယင်ကောင်သည် မစင်မှရနိုင်သော ရောဂါပိုးအမျိုးမျိုးတို့ သယ်ဆောင်လာကာ လူ၏အစားအစာတို့တွင် လာရောက်နား၍ ရောဂါများကူးစက်စေသည်။ ယင်ပေါက်ပွားရာ အဓိကနေရာမှာ အိမ်သာပင်ဖြစ်သည်။ တတ်နိုင်ပါက ရေလောင်းအိမ်သာသည် အကောင်းဆုံးဖြစ်၏။ သို့မဟုတ်ပါကလည်း အိမ်သာတွင်းနှင့်အိမ်သာအဆောက်အဦးကြား ဟာလာဟင်းလင်းမဖြစ်စေသင့်။ ယင်မ၀င်စေရန် ၎င်းနေရာကို ပတ်ပတ်လည်ကာရံထားသင့်သည်။ အိမ်သာကို မသုံးသည့်အချိန်၌ အိမ်သာအောက်ခင်းအပေါက်ကို လက်ကိုင်တုတ်ပါသော အဖုံးရှင်တစ်ခုဖြင့် ဖုံးထားသင့်သည်။
အမှိုက်သရိုက်သိမ်းဆည်းခြင်း။    ။ အိမ်ဝင်းအတွင်းရှိ သစ်ရွက်သစ်ကိုင်း အမှိုက်သရိုက်များ၊ အိမ်တွင်းသုံး ပစ္စည်းများမှထွက်လာသော အမှိုက်များကို မှန်မှန်လှဲကျင်းကာ အိမ်ရှေ့အမှိုက်ပုံးထဲသို့ထည့်ပါ။ စည်ပင်သာယာ အဖွဲ့မှ လိုက်လံအမှိုက်သိမ်ဆည်းခြင်း မပြုနိုင်သော နေရာများ၊ ကျေးရွာများတွင် အမှိုက်များကို စုပုံကာ တစ်ပတ်တစ်ခါ၊ သို့မဟုတ် နှစ်ခါ မီးရှို့ပါ။ မီးရှို့၍ရသောပြာများကို မြေသြဇာအဖြစ်သုံးနိုင်သည်။ သို့မဟုတ်ပါက ခြံဝင်းထောင့်တွင် အသင့်အတင့်ကျယ်၍ နက်သော ကျင်းတစ်ခုတူး၍ ၎င်းအတွင်း အမှိုက်များထည့်ပါ။ မီးဖိုချောင်မှ စွန့်ထုတ်သောရေများ၊ စားကြွင်းစားကျန်များကိုပါ ကျင်းထဲရောထည့်၍ ၎င်းတို့အပေါ်မှ နေ့စဉ် မြေကြီး နှစ်လက်မအထူခန့်ဖုံးပေးပါ။ ဤအတိုင်း နေ့စဉ်ဆက်၍ ထည့်သွားခြင်းဖြင့် ကျင်းပြည့်သွားလျှင် နောက်တစ်ကျင်းတူး၍သုံးပါ။ ကျင်းဟောင်းမှ နှစ်လကြာသောအခါ အလွန်ကောင်းမွန်သော မြေသြဇာကို ရရှိနိုင်ပါသည်။ ဤနည်းမှာ အဖြစ်နိုင်ဆုံးနှင့် အန္တရာယ်အကင်းဆုံး နည်းလမ်းဖြစ်ပါသည်။
ယခုဖြော်ပပါ အချက်များအားလုံးကို အတတ်နိုင်ဆုံး လိုက်နာ ကျင့်သုံးနေထိုင်ကြခြင်းဖြင့် ကျွန်ုပ်တို့ အားလုံး ကျန်းမာခြင်းသုခကို အိမ်တွင်းမှစတင်၍ ရရှိနိုင်ကြမည်ဖြစ်ပေသည်။
 
ကိုးကားစာအုပ် - ၁၉၇၈ ခုနှစ် ထုတ်၊ ဒေါက်တာတင်ထွန်းဦး ရေးသားသော ပတ်ဝန်းကျင်နှင့်သင့်ကျန်းမာရေး စာအုပ်မှ ထုတ်နှုတ်ဖော်ပြအပ်ပါသည်။
 

ခွန်ကောင်ရွဉ်

Friday, May 20, 2016

လှုမှုကွန်ယက် Facebook စာမျက်နှာပေါ်မှ ပြန့်နှံ့နေသော (PNA) ပအိုဝ်းပြည်သူ့စစ်အဖွဲ့က ဖက်ကွန်ကျေးရွာ ဒေသခံရွာသား(၄) ဦးကို ဖမ်းဆီးသွားခြင်းမှာ မဟုတ်မမှန်ကြောင်း ဖမ်းဆီးမှုဖြစ်စဉ်တွင် ပါဝင်ကူညီသော ဦးစိုင်းခွန်က ပြန်လည်ပြောကြား

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ မေလ (၂၀) ရက်


လှုမှုကွန်ယက် Facebook စာမျက်နှာပေါ်မှ ပြန့်နှံ့နေသော (PNA) ပအိုဝ်းပြည်သူ့စစ်အဖွဲ့က တောင်ကြီးမြို့နယ်၊ ဖက်ကွန်ကျေးရွာဒေသခံရွာသား (၄) ဦးကို (၁၆-၅-၂၀၁၆)ရက်စွဲတွင် ဖမ်းဆီးသွားခြင်းမှာ မဟုတ်မမှန်ကြောင်း ဖမ်းဆီးမှုဖြစ်စဉ်တွင် ပါဝင်ကူညီသော အထူးဒေသ(၆)အုပ်ချုပ်ရေးအဖွဲ့ ပအိုဝ်းအမျိုးသား အဖွဲ့ချုပ်(PNO) မြင့်မိုရ်တိုင်း၊ ရန်ကင်းဒေသမှ ဦးစိုင်းခွန်နှင့် ဆရာလွန်တို့က မေလ(၂၀)ရက်၊ သောကြာနေ့တွင် တောင်ကြီးမြို့၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ဗဟိုဌာနချုပ်ရုံး၊ ပြန်ကြားရေးဌာနသို့ လာရောက် ပြောကြားသွားပါသည်။
ဦးစိုင်းခွန် ပြောကြားချက်မှာ- ကျူးကျော်မှုနှင့် အကျိုးဖျက်ဆီးမှုကို ပြုလုပ်သော ရွာသားများကို မြန်မာနိုင်ငံရဲတပ်ဖွဲ့ အမှတ်(၂) ရဲစခန်း၊ တောင်ကြီးမှ ဖမ်းဆီးခြင်းသာဖြစ်ပါသည်။ ဖမ်းဆီးမှုနှင့် ပတ်သက်၍ မိမိတို့အဖွဲ့အနေနှင့် သွားရောက်ဖမ်းဆီးခြင်းမဟုတ်ဘဲ ရဲစခန်းမှ ဒုရဲအုပ် ဦးအောင်မျိုးလွင်၏ အကူအညီ တောင်းခံခြင်းကြောင့် ဖမ်းဆီးမှုတွင် လုံခြုံမှုရှိစေရေးအတွက် လိုက်ပါကူညီခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါ ရွာသားများကို မြေယာကျူးကျော်မှု၊ သူတစ်ပါးအကျိုးဖျက်ဆီးမှုနှင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး၊ ဖမ်းဆီးစစ်ဆေးစဉ်တွင် မူးယစ်ဆေးပြားများကိုပါ ၎င်းတို့ကိုယ်ပေါ်တွင် ထပ်မံတွေ့ရှိခဲ့၍ ရဲများက ဖမ်းဆီးခဲ့ကြပါကြောင်း၊ ဖမ်းဆီးခဲ့သည့် နေရာမှာ ဦးမောင်မြင့်၏ ခြံဝင်းအတွင်းဖြစ်သည်။ အဆိုပါခြံကိုလည်း PNA ပအိုဝ်းပြည်သူ့စစ်အဖွဲ့မှ သိမ်းယူထားခြင်း မဟုတ်မှန်ကြောင်း၊ ခြံပိုင်ရှင် ဦးမောင်မြင့်သည် ၎င်းမြေယာကို စာချုပ်စာတမ်းနှင့် ၀ယ်ယူခဲ့ကြောင်း၊ ယင်းမြေယာကို ၀ယ်ယူသူ ဦးမောင်မြင့်က ရောင်းချသူ ဦးအောင်ဆန်း(ဖက်ကွန်ကျောင်းနား)ထံမှ ၂၀၀၈ ခုနှစ်၊ အောက်တိုဘာလ(၂၉)ရက်နေ့တွင် တရားဝင် ၀ယ်ယူခဲ့ကြောင်းကို ခြံပိုင်ရှင် ပြောကြားချက်အရ သိရှိရပါကြောင်းနှင့် ရဲတပ်ဖွဲ့မှ သွားရောက်ဖမ်းဆီးရာတွင် ဖက်ကွန်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးကျော်တင်၊ ခြံပိုင်ရှင် ဦးမောင်မြင့်၊ အထူးဒေသ(၆) အုပ်ချုပ်ရေးအဖွဲ့၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ရန်ကင်းဒေသမှ ဦးဆရာလွန်၊ ဦးစိုင်းခွန်၊ ဦးကျော်ခေါင်တို့ လိုက်ပါသွားကြောင်း ပြောကြားသွားသည်ကို သိရှိရပါသည်။

ခွန်မျင်မိုရ်
   
   

မသန်စွမ်းနှင့် အနာကြီးရောဂါပညာပေးသင်တန်းကို ပအိုဝ်းအမျိုးသားအဖွဲ့(PNO)၊ ဗဟိုဌာနချုပ်ရုံးတွင် ဖွင့်လှစ်

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ မေလ (၂၀) ရက်



တောင်ကြီးမြို့ ၂၀၁၆-ခုနှစ် ပအိုဝ်းအမျိုသားအဖွဲ့(PNO)ဗဟိုဌာနချုပ်ရုံးတွင် ကြာသပတေးနေ့ နံနက်၉း၀၀နာရီ အချိန် မသန်စွမ်းနှင့်အနာကြီးရောဂါပညာပေးသင်တန်းကို The Leprosy Mission Myanmar အဖွဲ့နှင့် ပအိုဝ်းအမျိုးသားအဖွဲ့(PNO)ပါရမီလူမှုဖွံ့ဖြိုးရေးအဖွဲ့၊ ပအိုဝ်းလူငယ်ကွန်ယက်(PYN)အဖွဲ့တို့မှ ပူးပေါင်းဆောင် ရွက်ပြီး မေလ-၁၉ရက်နေ့တွင် ဖွင့်လှစ်ပေးခဲ့သည်။
ထိုသို့ မသန်စွမ်းနှင့်အနာကြီးရောဂါပညာပေးသင်တန်းကို တောင်ကြီး၊ ဟိုပုံး၊ ကျောက်တလုံး၊ ရပ်စောက် စသည့် မြို့နယ်များမှ ဖိတ်ကြားထားသော ပအိုဝ်းလူငယ်ကွန်ယက်(PYN) အဖွဲ့ကိုယ်စားလှယ်များက တက်ရောက်ခဲ့ကြောင်း သိရသည်။
၎င်းသင်တန်းတွင် ရည်ရွယ်ချက်မှာ အကြောင်းအမျိုးမျိုးကြောင့် မသန်စွမ်းသူနှင့်အနာကြီးရောဂါ ခံစားနေရသော ဝေဒနာရှင်များကို ကျေးရွာများရှိ လူမှုရေး၊ စီးပွားရေးလုပ်ငန်းများတွင် သူတို့ကိုယ်တိုင် ပါဝင်ဆောင် ရွက်နိုင်စေရန်နှင့် လှုပ်ရှားသွားလာနိုင်ခွင့် ပိုမိုအားကောင်းလာစေရန် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများကို လုပ်ကိုင်နိုင်စေရန် ရည်ရွယ်ပြီး ၎င်းသင်တန်းကို ဖွင့်လှစ်ပေးခဲ့ကြောင်း သိရှိရသည်။
အဆိုပါ မသန်စွမ်းနှင့်အနာကြီးရောဂါ ပညာပေးသင်တန်းကို မေလ-၁၉-မှ၂၀ရက်နေ့အထိ နှစ်ရက်သင်တန်း ဖွင့်လှစ် သင်ကြားပေးခဲ့ပြီးနောက် သင်တန်းတက်ရောက်ပြီးသော သင်တန်းသားများအား ၎င်းသင်တန်းအပြီးမှာ ၂၀၁၆-ခုနှစ် မေလပိုင်းကုန်လောက်တွင် ကျေးရွာများရှိမသန်စွမ်းသူများနှင့် အနာကြီးရောဂါ ခံစားနေရသော ဝေဒနာရှင်များကို ကွင်းဆင်း စာရင်းကောက်ယူသွားမည်ဖြစ်ပြီး ရရှိလာသည့်လူဦးရေ စာရင်းအရ မသန်စွမ်းသူများအား အထောက်အကူပြုပစ္စည်းတို့ကို ကူညီဆောင်ရွက်ပေးသွားမည်ဟု  ပအိုဝ်းလူငယ်ကွန် ယက်(PYN)အဖွဲ့ ခွန်စိုးမောင်ထံမှ ကြားသိရသည်။
ယင်း မသန်စွမ်းနှင့်အနာကြီးရောဂါပညာပေးသင်တန်းတွင် လွိုင်လင်-ဆီဆိုင်မြို့နယ်များတွင်လည်း The Leprosy Mission Myanmar အဖွဲ့က သွားရောက်သင်တန်းဖွင့်လှစ်ပေးမည်ဖြစ်ကြောင်း သိရှိရပါသည်။

ခွန်ဗန်ထို(ခမ်းကောင်)

Thursday, May 19, 2016

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့တွင် အထည်ပန်း ပုံရိုက်ခြင်းနှင့် ဆေးရေးပန်းချီသင်တန်း ဖွင့်လှစ်သင်ကြား

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ မေလ (၂၀) ရက်




ကိုယ်ပိုင် တစ်ပိုင်တစ်နိုင်လုပ်ငန်း လုပ်ဆောင်နိုင်ရန်ရည်ရွယ်၍ ရက်ကန်းနှင့် အသက်မွေးပညာ သင်တန်းကျောင်း(တောင်ကြီး)မှ ဦးစီးပြီး ဒုတိယအကြိမ် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနက အထည်ပန်း ပုံရိုက်ခြင်း နှင့် ဆေးရေးပန်းချီသင်တန်းကို ၂၀၁၆ ခုနှစ်၊ မေလ(၁၀)မှ(၂၅)အထိ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့နယ်ခွဲတွင် ဖွင့်လှစ်သင်ကြားနေကြောင်း သိရှိရပါသည်။
အဆိုပါသင်တန်းတွင် သင်တန်းနည်းပြ ဒေါ်သန်းသန်းဌေး (စောင်းဒါးရက်ကန်းနှင့် အသက်မွေး ပညာ သိပံ္ပ၊ အမရပူရမြို့)နှင့် ဒေါ်ဦးစောတင်(အသက်မွေးပညာရက်ကန်းကျောင်း-တောင်ကြီး)တို့မှ သင်ကြားပိုချပေးပြီး ပန်းချီလက်ရေး၊ ဖလင်ပေါ်တွင် ဖလင်ဒီဇိုင်းဖောက်ခြင်း၊ ဆေးဖျော်ခြင်းနှင့် အထည်ပေါ်တွင် ဒီဇိုင်းရိုက်ခြင်းနှင့် အင်္ကျီတံဆိပ်ရိုက်ခြင်း စသည့် ပညာရပ်များကို လက်တွေ့ သင်ကြားပေးပြီး သင်တန်းသား/သူ (၂၀)ဦး တက်ရောက် သင်ယူနေကြောင်း သိရှိရပါသည်။
 
 နန်းတင်တင်ဦး(နောင်တရား)

သူတစ်ပါးကို ဝေဖန်လိုလျှင်

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ မေလ (၂၀) ရက်



ဝေဖန်မှုသည် ကောင်းပါသလော။ ဝေဖန်မှုသည် ဆိုးပါသလော။ ၎င်းအပေါ် အချို့လူများ အမြင်ရှုပ်ထွေးနေ၏။
ဝေဖန်မှုသည် ကောင်းပါသည်ဟု ဖြေဆိုသည်ဆိုကြပါစို့။ အဘယ်ကြောင့် ကောင်းသည်ဟု ဆိုနိုင်ပါသနည်း။ အကြောင်းကိုရှာသော် မည်သည့်အကြောင်းအရာကိစ္စမဆို စိစစ်ဝေဖန်မှသာလျှင် အမှန်ကို မြင်နိုင်ကြမည်။ အမှားကို ပြင်နိုင်ကြမည်ဖြစ်သည်။ ထိုသို့ အမှန်ကိုမြင်၊ အမှားကိုပြင်နိုင်ကြမှသာ ပြည့်စုံမှုကိုရရှိမည်ဖြစ်သည်။
ဝေဖန်မှုသည် မကောင်းပါဟု ဖြေဆိုကြသူများလည်း ရှိမည်ဖြစ်သည်။ အဘယ်ကြောင့် ဝေဖန်မှုသည် မကောင်းပါဟု ပြောဆိုသည်ကို အဖြေရှာကြည့်လျှင် ဝေဖန်မှုသည် အကောင်းကိုမမြင်၊ အပြစ်တစ်ခုတည်းကိုသာ ကြံကြံဖန်ဖန် ရှုမြင်သဖြင့် ဝေဖန်သူနှင့် ဝေဖန်ခြင်းခံသူတို့ အချင်းချင်းခိုက်ရန်ဖြစ်ပွားစေတတ်သည်၊ စည်းလုံးမှု ပြိုကွဲသွားတတ်သည်အထိ အန္တရာယ်များလွန်းသောကြောင့် ဖြစ်သည်။ ထိုသို့ အပြစ်ကိုသာ မြင်ပြီး အကောင်းကိုမမြင်သဖြင့် အပျက်သဘောဆောင်သည်၊ ရန်များသည်ဟု ဆိုကြလေသည်။
အဖြေကို ရှာဖွေဆန်းစစ်ကြည့်လျှင် သတ်ဖြတ်မှု၊ ခိုးယူမှု၊ စော်ကားမှု၊ လိမ်လည်လှည့်စားမှုစသည်တို့သည် မပြောင်းလဲတတ်သော ဆိုးပြစ်ကိုဖြစ်ပွားစေတတ်သည့် မကောင်းမှုများပင်ဖြစ်သည်။ ထိုမကောင်းမှုများကို ဝေဖန်ရမည်။ ထိုမကောင်းမှုများကို ဝေဖန်ပါမှသာ အဆိုးအပြစ်များကို မြင်ပြီး အမှန်အကောင်းအဖြစ်သို့ ပြုပြင်နိုင်ကြမည်ဖြစ်သည်။
သို့သော် လူပုဂ္ဂိုလ်(သို့မဟုတ်)အဖွဲ့အစည်းများကို တိုက်ရိုက်ဝေဖန်ပါက ထိုလူပုဂ္ဂိုလ်(သို့မဟုတ်)အဖွဲ့အစည်းများနှင့် ဆက်ဆံရေးအဆင်မပြေမှုဖြစ်တတ်ပြီး ခိုက်ရန်ဖြစ်ပွားစေသည်သာမက စည်းလုံးမှုပြိုကွဲသည်အထိ ဖြစ်ပွားစေနိုင်ပါသည်။ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများသည် အမြဲတမ်းမကောင်း၊ အမြဲတမ်းဆိုးနေကြသည် မဟုတ်ပါ။ အတိတ်ကကောင်းခဲ့သည်လည်း ရှိသည်၊ အနာဂါတ်တွင် ကောင်းလာအောင်လည်း ပြုပြင်ပြောင်းလဲနိုင်လေသည်။ ထိုသို့ ပြုပြင်ပြောင်းလဲနိုင်သော လူပုဂ္ဂိုလ်ကို မပြောင်းလဲနိုင်သော မကောင်းမှုသဘာဝများကဲ့သို့ မဝေဖန်သင့်ပါ။ လူပုဂ္ဂိုလ်ကို ဝေဖန်ရာတွင် ကျွမ်းကျင်စွာ ဝေဖန်တတ်ရန် နည်းလမ်းကောင်းများလိုအပ်သည်မှာ ထင်ရှားလေပြီ။ ဝေဖန်ခြင်းခံရသူအပေါ် အပြစ်ရှာ၊ ရန်လိုသဖြင့် ဝေဖန်ခြင်းမဟုတ်ကြောင်း ဝေဖန်ခြင်းခံရသူသိရှိနားလည်ရန် လိုအပ်သည်။ သူ့အပေါ် မိတ်ရင်းဆွေရင်းသဖွယ် မေတ္တာနှင့် အကြံပေးလိုသည့်ပုံစံဖြင့် ဝေဖန်ရန် လိုအပ်သည်။ သို့မှသာ မိမိ၏ဝေဖန်မှုကို ထိုသူလက်ခံနိုင်မည်မဟုတ်ပါလော။
ဝေဖန်မှုသည် မိမိထားရှိသည့်  စိတ်ထားအပေါ်မူတည်၍လည်း ကောင်းသည်၊ ဆိုးသည် အမှန်တကယ် ကွာခြားသွားသည်။ စိတ်ထားကောင်းဖြင့် ဝေဖန်လျှင် မေတ္တာဖြင့် ဝေဖန်သည်။ ချိုသာသော စကားဖြင့် ဝေဖန်သည်။ သူတစ်ပါးအကျိုးလိုလားသော စိတ်ထားဖြင့် ဝေဖန်သည်။ သင့်တင့်လျောက်ပတ်သော အချိန်နှင့်နေရာတို့တွင် ဝေဖန်သည်။ ထိုသို့သော စိတ်ထားကောင်းနှင့် ကျွမ်းကျင်မှုတို့ဖြင့် ဝေဖန်လျှင် အောင်မြင်သည်။ မိမိနှင့်သူတစ်ပါး(သို့မဟုတ်)အများ အကျိုးဖြစ်ထွန်းမည်။
ထိုသို့မဟုတ်ဘဲ မကောင်းသောစိတ်ထားဖြင့် ဝေဖန်လျှင် ဒေါသဖြင့် ဝေဖန်သည်။ ကြမ်းတမ်းသော စကားဖြင့် ဝေဖန်သည်။ သူတစ်ပါး(သို့မဟုတ်) အများအကျိုးပျက်စီးစေလိုသော စိတ်ထားဖြင့် ဝေဖန်သည်။ သင့်တင့်လျောက်ပတ်သော အချိန်နှင့်နေရာတို့ကို လျစ်လျူရှု၍ ဝေဖန်သည်။ ထိုသို့ မကောင်းသောစိတ်ထားနှင့် ပရမ်းပတာ ဝေဖန်လျှင် မအောင်မြင်ပါ။ မိမိနှင့်သူတစ်ပါး(သို့မဟုတ်)အများ အကျိုးပျက်စီးရသည်။
အကျဉ်းချုပ်ဆိုရသော် သူတစ်ပါးကို ဝေဖန်လိုလျှင် သူ့အကျိုးစီးပွား(သို့မဟုတ်) အများအကျိုးစီးပွားကို ထောက်ရှု၍ ဝေဖန်ခြင်းခံရသောလူပုဂ္ဂိုလ်(သို့မဟုတ်)အဖွဲ့အစည်းများ လက်ခံနိုင်သော၊ အကောင်းဘက်သို့ ပြောင်းလဲစေနိုင်သော ဝေဖန်မှုမျိုးကိုသာ မေတ္တာဖြင့် ချိုသာစွာ ဝေဖန်သင့်သည်ဟု မြင်မိပါသည်။ ထိုသို့ ဝေဖန်မှသာလျှင် အောင်မြင်သည်၊ ကောင်းသည်ဟု သတ်မှတ်နိုင်မည် မဟုတ်ပါလော။
 

ခွန်လှစိုး

လှုမှုရေးဆိုင်ရာ သုတေသနလုပ်ဆောင်မှုအဖွဲ့ SPPRGမှ ဟိုနားရွာ ဖွံ့ဖြိုးရေးလုပ်ငန်းအတွက် ရံပုံငွေပေးအပ်ပွဲ အခမ်းအနားပြုလုပ်

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ မေလ (၁၉) ရက်




၂၀၁၆ ခုနှစ်၊ မေလ (၁၉)ရက်၊ ကြာသပတေးနေ့တွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ စငေါကျေးရွာအုပ်စု၊ ဟိုနားရွာတွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် လည်ပတ်ရံပုံငွေကျပ်သိန်း(၄၀)ကို လှုမှုရေးဆိုင်ရာသုတေသနလုပ်ဆောင်မှုအဖွဲ့နှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဟိုပုံးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ NGO ၊ INGO အဖွဲ့တို့နှင့် ပူးပေါင်းပြီး ၎င်းအဖွဲ့တို့ကိုယ်စား ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)၊ ဗဟိုဌာနချုပ်ရုံး ၊ ရုံးအဖွဲ့မှူး ဦးစောခွန်ကျော်ဝင်းမှ ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
ရှေးဦးစွာ ဟိုပုံးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးစိုးလွင် အဖွင့်အမှာစကားပြောကြားရာမှာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးအနေဖြင့် နိုင်ငံတကာဖွံ့ဖြိုး တိုးတက်ရေးအဖွဲ့ကိစ္စရပ်များကို ကျေးရွာများနှင့်ချိတ်ဆက်ပေးရခြင်းဖြစ်ကြောင်း ဖွံ့ဖြိုးရေးလုပ်ငန်းများကို ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနအနေဖြင့် နတလ၊ NGO၊ INGO ၊CSO လှုမှုကူညီရေးအဖွဲ့များနှင့် ချိတ်ဆက်ပူးပေါင်းဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်း အဓိကအနေဖြင့် ကျေးလက်နေပြည်သူများအား မြို့ပြနှင့် ကျေးလက်ကွာခြားမှုလျော့နည်းစေရေးအတွက် ဆင်းရဲမှုလျော့ချရေးအတွက် ပူးပေါင်းဆောင်ရွက်နေခြင်း ဖြစ်ကြောင်း ရံပုံငွေကို ကော်မတီဖွဲ့ပြီးဆောင်ရွက်ရာမှာ ကော်မတီဝင်များအနေဖြင့် မိမိရပ်ရွာအတွက် ဆောင်ရွက်ရခြင်း၊ လူငယ်များကိုဦးဆောင်၍ လူကြီးများက ထိန်းကွပ်ပေးခြင်းဖြင့် ဆောင်ရွက်သင့်ပါကြောင့်၊ စည်းလုံးညီညာစွာဖြင့် အောင်မြင်အောင်ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း တိုက်တွန်းပြောကြားခဲ့ပါသည်။
ဆက်လက်၍ သုတေသန ညှိနှိုင်းရေးမှူး လှုမှုရေးဆိုင်ရာသုတေသနလုပ်ဆောင်ရေးအဖွဲ့ SPPRG ဦးကျော်ဇောဦး အဖွင့်အမှာစကားပြောကြားရာမှာ အခုလိုကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ရံပုံငွေပေးအပ်ရာမှာ ရွာသားများအနေဖြင့် ဒီထက်မကတိုးတက်အောင်မြင်အောင် ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း တိကျသေချာသော ရင်းနှီးမြှပ်နှံမှုများကို ဆောင်ရွက်သွားကြမည်ဖြစ်ကြောင်း တိုက်တွန်းပြောကြား ခဲ့ပါသည်။
ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဗဟိုဌာနချုပ်ရုံး ၊ ရုံးအဖွဲ့မှူး ဦးစောခွန်ကျော်ဝင်းမှ အားပေးစကား ပြောကြားရာမှာ မိမိတို့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်အနေဖြင့် ကျေးလက်ဒေသများ ဖွံ့ဖြိုးတိုးတက်အောင် နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ပြီး ဖွံ့ဖြိုးရေးလိုအပ်သောနေရာဒေသများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း မိဘပြည်သူများအတွက် လမ်းပန်းဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ လှုမှုရေးကိစ္စရပ်များကို စွမ်းစွမ်းတမံ ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် ယခုပေးအပ်သောရံပုံငွေ ကျပ်သိန်း(၄၀)ကို ဒီထက်မကအောင်မြင်တိုးတက်ရေးလုပ်ငန်းများအတွက် ဆောင်ရွက်နိုင်ပါက လှုမှုရေး ဆိုင်ရာသုတေသနလုပ်ဆောင်မှုအဖွဲ့အနေဖြင့် ကျေးရွာမှ မြို့နယ်အဆင့်ထိ ဆက်လက်ကူညီဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ရံပုံငွေပေးအပ်ပွဲအခမ်းအနားကို မြို့နယ်ဦးစီးမှူး ဦးစိုးလွင်၊ ဒုတိယ ဦးစီးမှူး ဒေါ်သီတာဦး၊ SPPRG သုတေသနညှိနှိုင်းရေးမှူး ဦးကျော်ဇောဦး၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဗဟိုဌာနချုပ်ရုံး၊ ရုံးအဖွဲ့မှူး ဦးစောခွန်ကျော်ဝင်း၊ ဒေသခံမိဘပြည်သူများ၊ ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။ ဟိုနားကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် ၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် မြစိမ်းရောင် အဖွဲ့မှ ကျပ်သိန်း(၃၀၀) ကူညီပေးခဲ့ပြီး ဟိုနားကျေးရွာသည် အိမ်ခြေ (၁၀၈)၊ လူဦးရေ (၅၁၃) ဦးရှိကြောင်း သတင်းရရှိသည်။
 
ခွန်အောင်ထွိုက်ဗွေ