တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ ဇွန်လ (၁၁) ရက်
လောကသဘာဝတရားကြီးက လူသားအားလုံးကို မျှတသော အခွင့်အရေးများ ပေးနေသည်မှာ လူတိုင်းအသိပင် ဖြစ်ပေလိမ့်မည်။ မိမိတို့သည် (၂၄)နာရီ ဟူသော ကိုယ်ပိုင်အချိန်၊ စဉ်းစား တွေးတော တတ်ရန်ဟူသော ဦးခေါင်းတစ်လုံး၊ လုပ်ကိုင်စားသောက်နိုင်ရန် ဟူသော ခြေလက်(၂)ချောင်းကို ကျေးဇူးရှင် မွေးမိခင်၏၀မ်းဗိုက်မှ မွေးဖွားလာကတည်းကပင် လူသားများအတွက် အရင်းအနှီးအဖြစ် သဘာဝတရားကြီးက အခွင့်အရေး တန်းတူညီမျှစွာ ပေးထားခဲ့ပြီး ဖြစ်ပါသည်။ သို့သော်လည်း ထိုသဘာဝတရားကြီးပေးသော အရင်းအနှီးများကို မှန်ကန်သော လမ်းကြောင်းပေါ်ရောက်အောင် တွန်းပို့ပေးနိုင်သည်မှာ ပညာတည်းပင် ဖြစ်သည်။ ထို့ကြောင့် လူသားတိုင်း အမက်မောဆုံးအရာမှာ ပညာသာ ဖြစ်သည်။ ပညာသည် ကုန်ဆုံးနိုင်သော အရာမဟုတ်ပါ။ ပညာသည် ခိုးယူ၍ ရသော အရာလည်း မဟုတ်ပေ။ ပညာ၏ ဆန်းကြယ်မှုကို စာဖွဲ့ရင် ကုန်နိုင်မည် မဟုတ်လော။
ထို့ကြောင့် မိဘတိုင်းက အမြော်အမြင်ကြီးစွာဖြင့် မိမိတို့သာသမီးများ ပညာတတ်မြောက်ပါစေ ဟူသော ရည်မှန်းနှင့် မိမိတို့ကို ပညာများသင်ကြားစေခြင်းသာ ဖြစ်သည်။ မိမိတို့ မိဘများသည် မိမိတို့ ပညာတတ်ဖြစ်စေရန်အတွက် ဒုက္ခပေါင်းများစွာ၊ သီးခံခွင့်လွှတ်ခြင်းများစွာ ပေးဆပ်ခဲ့ရပါသည်။ မိမိတို့ ငယ်ရွယ်စဉ်တွင် မိမိတို့ ကျောင်းတက်ရန်အတွက် မိဘများက အမျိုးမျိုးချော့မော့၍ သူတို့တတ်သော နည်းလမ်းနှင့် မိမိတို့ကို အောက်ကျိုးခံကာ ကျောင်းထားကြရသည်။ မိမိတို့ ကျောင်းမပျက်ရန် မိဘများက မိမိတို့ လိုချင်သော အရာများကို မရ၊ ရအောင်ဝယ်ပေးသည့် မိဘများလည်း ရှိပါလိမ့်မည်။ ကျောင်းသို့ ရောက်သွားသော်လည်း အခြားကလေးနှင့် ရန်ဖြစ်မှာကို ကြောက်နေရ၊ စာမရလို့ ဆရာမ ဆူမှာကို စိုးရိမ်နေရ၊ ဆော့ကစားရင်းနှင့် တစ်ခုခုဖြစ်မှာကို ကြောက်နေပြန်၏။ ရှက်တတ်၊ သိတတ်စအချိန် အလယ်တန်း ရောက်ပြန်သော်လည်း မိဘများက သူတစ်ပါး သားသမီးနှင့် အ၀တ်အစား၊ အစားအသောက် မတူမှာ စိုး၍ နောက်တစ်ကြိမ် ထပ်မံရုန်းကန်ရပြန်ပါသည်။ ရည်မှန်းချက်ထားတတ်သော အထက်တန်းရောက်ပြန် သော်လည်း မိဘများက အပေါင်းအသင်းမှားမှာကို ကြောက်နေရ၊ စာမကျက်ဘဲ စိတ်လေပြီး ရည်းစားထား မှာကို ကြောက်နေရ၊ အရက်သောက်၊ ဆေးလိပ်သောက်၊ စာမေးပွဲ ကျမှာကို ကြောက်နေရပြန်၏။ ဤသည်ကို ကြည့်လျှင် မိမိတို့ အထက်တန်းကို ရောက်အောင် မိဘများက မည့်ကဲ့သို့ သောကအကြောက် တရားများနှင့် ရင်ဆိုင်ခဲ့ရသည်ကို ခန့်မှန်းလျှင် သိနိုင်ပါသည်။ နောင်တချိန်၌ မိမိတို့ ပညာတတ်ဘွဲ့ရသောအခါ မိဘများကို ပြန်လည်လုပ်ကျွေးနိုင်ပါစေဟူ မျှော်လင့်ချက်မှာ မိမိတို့မိဘများ၏ ရင်ဘတ်ထဲတွင် ၁၀%သာ ရှိပါလိမ့်မည်။ ကျန်သော ၉၀%မှာ မိမိဘ၀လမ်းခရီးကို ဖြောင့်ဖြောင့်တန်းတန်း လျှောက်လှမ်းနိုင်ပါစေဟူသော မျှော်လင့်ချက်သာ ဖြစ်သည်။
တချို့ကလည်း မိဘမစုံလင်၊ မပြည့်စုံသည့် ကြားကပင် ရည်ရွယ်ချက်ကြီးမားစွာဖြင့် ပညာသင်ကြား နေသော လူငယ်များလည်း ရှိပါလိမ့်မည်။ ထိုသူများသည် အခြားသူများ ပျော်နေချိန်တွင် အလုပ်လုပ်နေ ရလိမ့်မည်။ အခြားသူများ ရယ်နေချိန်တွင် ငိုကောင်းငိုနေလိမ့်မည်။ သို့သော်လည်း သူတို့၏ အသည်းနှလုံးထဲ တွင် အခြားသူတစ်ပါးထက် ကြီးမားသော ရည်မှန်းချက်များရှိနေသည်ကို မြင်တွေ့နိုင်ပါသည်။ မိမိနှင့်အတူ မိမိတို့မိဘများ အချိန်နှင့်ရင်းပြီး ပြုစုပျိုးထောင်ခဲ့သောပန်းကို ရနံ့သင်းသင်း ကြိုင်ကြိုင်နှင့် မြင်ချင်ကြသည်မှာ မဆန်းလှပေ။ သို့သော်လည်း ကြိုးစားခဲ့သည်ချင်းအတူတူ အတိတ်ကံ မကောင်း၊ ကံကြမ္မာက မျက်နှာ သာမပေးခဲ့၍ ဒီအချိန်တွင် ပျော်သူရှိနေသကဲ့သို့ ၀မ်းနည်းနေသူ များလည်း ရှိနေလိမ့်မည် ဖြစ်သည်။ မည်သို့ပင် ဖြစ်စေကာမူ မိဘများအနေနှင့် ၀မ်းနည်းမှုကို ဥပေက္ခာပြု၍ မိမိတို့၏ သားသမီးများကို အားပေးနှစ်သိမ့်ကာ နောက်တစ်ကြိမ် ထပ်မံအားပေးစေလိုပါသည်။ သားသမီးများ အနေနှင့်လည်း စိတ်ဓာတ်မကျဘဲ မိဘမျက်နှာကို ထောက်၍ ဒီနှစ်မှာ ငါအောင်ကိုအောင်ရမည်ဟု အဓိဌာန်ချပြီး ကြိုးစားအားထုတ်စေလိုပါသည်။ မိမိတို့လူငယ်တွင် အားအင်းအပြည့်ရှိ၏။ အနာဂတ်ကို ပိုင်ဆိုင် သောသူလည်း ဖြစ်၏။
စာမေးပွဲကျသည်မှာ နောင်တရခြင်းမဟုတ်။ စာမေးပွဲကျ၍ စိတ်လေပြီး ကျောင်းဆက်မတတ်၊ ဖြစ်ချင်သလိုနေသည်က နောင်တစ်ချိန်တွင် မိမိအတွက် ကြီးမားသော နောင်တဖြစ်စေမည်မှာ မလွဲဧကန်ပင် ဖြစ်သည်။ နောက်တလှမ်းဆုတ်သည်မှာ အရှုံးပေးသည်မဟုတ် ရှေ့ကိုဆက်လျှောက်ရန် အားယူခြင်း သာဖြစ်သည်ဟု မှတ်ယူလိုပါသည်။ ပညာရေးသည် ကမ္ဘာကြီးကို ပြောင်းလဲပစ်ဖို့ စွမ်းအားအရှိဆုံး လက်နက် ဖြစ်သည်ဟု Nelson Mandela ကပြောခဲ့ဖူးသည်။ ထို့ကြောင့် မိမိတို့ချစ်သော မြန်မာနိုင်ငံ၊ မိမိတို့ချစ်သော မိမိတို့လူမျိုးကို တိုးတက်အောင်၊ ငြိမ်းချမ်းအောင် ပြောင်းလဲပစ်ဖို့ မိမိတို့ ပညာတတ်ကိုတတ်မှ ရမည်ဖြစ်သည်။ အနီးစပ်ဆုံး မိမိတို့ ပအိုဝ်းလူမျိုးများနှင့် ထိုက်တန်သော အခွင့်အရေးများရရန်အတွက် မိမိတို့ပညာတတ်မှသာ လျှင် လုပ်ယူ၍ ရမည်ဖြစ်သည်။ ထို့ကြောင့် မိမိတို့ ချစ်သောပအိုဝ်းလူမျိုးများ အနာဂတ်တွင် တိုးတက်ဖို့၊ မပျောက်ကွယ်ဖို့ မိမိတို့ပအိုဝ်းလူငယ်များပေါ်တွင် မူတည်နေသည်ကို သတိချပ်စေလိုပါသည်။
ယခုမိမိတို့ သင်ယူနေသော အတန်းကျောင်းပညာသည် မိမိတို့ဘ၀ခရီးလမ်းတွင် အစိတ်အပိုင်း တစ်ခုမျှသာ ဖြစ်သည်။ မိမိတို့လူငယ်တွင် မကုန်နိုင်သော ပညာများကို လေ့လာဆည်းပူးရန် အချိန်များစွာ ကျန်ရှိနေပါသေးသည်။ ထိုမကုန်ခန်းနိုင်သော ပညာရပ်များကို လေ့လာသင်ယူရန် အခြေခံ(၁၀)တန်းအောင် လက်မှတ်ကို ကိုင်ဆောင်နိုင်ပါမှ အခွင့်အလမ်းများမည်ဖြစ်ပါသည်။ မည်သို့ပင်ဖြစ်စေကာမူ မိမိတို့သည် လွယ်လွယ်နှင့်အရှုံးမပေးတတ်သည့်လူ၊ အကြွေစောသောပန်း မဟုတ်သည်ကို လာမည့် ၂၀၁၆-၂၀၁၇ ပညာသင်နှစ်တွင် ကျရောက်မည့် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲတွင် သက်သေပြနိုင်အောင် ထပ်မံကြိုးစား အားထုတ်ကြလိမ့်မည်ဟု ယုံကြည်မျှော်လင့်တိုက်တွန်း လိုက်ရပါသည်။
ခွန်ထင်;လေအောင်;
No comments:
Post a Comment